ရန်ကုန်၊ မတ် ၃၁
မန္တလေးတိုင်း၊ ပုဂံညောင်ဦးမြို့နယ်ရှိ ပုဂံအိမ်တော်တွင် အထိုင်ချထားသော စစ်တပ်က ဧရာ၀တီမြစ်ကို ဖြတ်ကျော်ကာ ပခုက္ကူနယ်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းမီးရှို့နေသဖြင့် ပြည်သူ ၆,၀၀၀ နီးပါး စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဧရာဝတီမြစ်ကို ဖြတ်ကျော်ကာ မကွေး တိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း၊ ယနေ့နံနက် ၇ နာရီခန့်တွင် ပုဂံဘက်မှ အင်အား ၁၂၀ ကျော်ပါဝင်သော စစ်တပ်စစ်ကြောင်းက စက်လှေ ၄ စီးဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ကူးလာခဲ့ကြကြောင်း သိရှိရသည်။
ယင်းစစ်တပ်စစ်ကြောင်းက ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာအုပ်စုအတွင်းရှိ ချမ်းကြီးရွာနှင့် ငွေသောင်ရွာများသို့ ကမ်းကပ်ချိန်တွင် သေနတ်များ ရမ်းသန်းပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် ချမ်းကြီးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များကို အကြိမ် ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်က ယနေ့ နံနက် ၈ နာရီတွင် ၁ ကြိမ်၊ နံနက် ၁၀ နာရီတွင် ၁ ကြိမ်၊ မွန်းတည့် ၁၂ နာရီတွင် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်ထက်မနည်း ချမ်းကြီးရွာအတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်တပ်စစ်ကြောင်း၏ အကြမ်းဖက်စီးနင်းမှုကြောင့် အနီးနားရှိ ကျေးရွာများနှင့် ရပ်ကွက်များမှ ပြည်သူ ၅,၀၀၀ ကျော်မှ ၆,၀၀၀ နီးပါးခန့်မှာ ပြင်းထန်သော နွေနေပူရှိန်အောက်တွင် ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရကြောင်း၊ စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် မြို့စိုး၊ ပေါက်တော၊ ကံကြီးစု၊ အိုင်ကြီး ကျေးရွာများ၊ စက်ရုံနယ်မြေအတွင်းရှိ ပုလဲဧရာရပ်ကွက်နှင့် မိုးပုလဲရပ်ကွက်များ၊ EPC ဝန်ထမ်းအိမ်ရာများမှ ပြည်သူများ ထွက် ပြေးနေရခြင်းဖြစ်သည်ဟု သိရှိရသည်။
လက်ရှိအချိန်အထိ အဆိုပါစစ်ကြောင်းသည် ချမ်းကြီးရွာနှင့် ငွေသောင်ရွာအတွင်း၌ပင် ဆက်လက်တပ်စွဲထားပြီး လှုပ်ရှားမှု ငြိမ်သက်နေသော်လည်း မည်သည့်ဘက်သို့ ဆက် လက်ဦးတည်မည်ကို မသိရသေးသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိ၊ အသိများဖြင့် ဂရုပြုနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။




