ရန်ကုန်၊ မတ် ၃၁
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာဘက်သို့ အင်တာနက်လိုင်း တရားမဝင် ပေးပို့နေမှုကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးပြီး ဆက်သွယ်ရေးစက်ပစ္စည်းများကို သိမ်းဆည်းလိုက်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းရှိ သဘာဝဂိတ် (သောင်ရင်းမြစ်ကမ်းဘေး) တစ်နေရာတွင် မြန်မာနိုင်ငံဘက်အခြမ်းသို့ အင်တာနက်လိုင်းများ တရားမဝင် ပေးပို့နေမှုကို ထိုင်းပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များနှင့်အတူ ထိုင်းအမျိုးသား ရုပ်သံနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အဆိုပါနေရာကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါနေရာတွင် Wireless Link အမျိုးအစား ရေဒီယိုဆက်သွယ်ရေးစက်များကို အသုံး ပြု၍ မြန်မာနိုင်ငံဘက်အခြမ်းသို့ အင်တာနက်လိုင်းများ ချိတ်ဆက်ပေးပို့နေခြင်းကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ ထို့ပြင် သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ တစ်ဖက်ကမ်းသို့ ဖိုင်ဘာအော့ပတစ် (Fiber Optic) ကြိုးများကို တရားမဝင် သွယ်တန်းထားသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
ထိုင်းအာဏာပိုင်များက အဆိုပါ ဆက်သွယ်ရေးစက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း စုစု ပေါင်း ၁၂ မျိုးကို ဖြုတ်သိမ်းကာ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ လက် ရှိ တွင် သိမ်းဆည်းရမိသော ပစ္စည်းများကို မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး၊ တရားမဝင် ဆက်သွယ်ရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- AEC อาเซียน News ။






