ရန်ကုန်၊ ဧပြီ ၁
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်တွင်KNLA ဦးဆောင်သော တော် လှန်ရေးတပ်များနှင့်စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်ပြီး ထိုင်းဘက်သို့ ကျည်ကျရောက်သဖြင့် ထိုင်းစစ်တပ်က သတိပေးပစ်ခတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယမန်နေ့ မတ်လ ၃၁ ရက်နေ့ ထိုင်း-မြန်မာနယ်စပ်အနီး၌ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သော ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ အရှိန် အဟုန်ဖြင့် ပြင်းထန်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်းမှ လက်နက်ကြီးကျည်နှင့် ကျည် ဆန်အချို့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ထိမှန်မှုများ ရှိလာသောကြောင့် ထိုင်းစစ်တပ်က သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။
မြန်မာဘက်ခြမ်းရှိ စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ တိုက်ပွဲများသည် မြဝတီမြို့တောင်ဘက် ၁၀ မိုင်ကျော်အကွာရှိ သောင်ရင်းမြစ်ဘေး ဖလူးဒေသနှင့် ဝေါ်လေမြို့ရှိ ဗျူဟာကုန်းများတွင် မတ်လ ၃၀ ရက်မှ ၃၁ ရက်အထိ ဖြစ်ပွားနေခြင်းဖြစ်သည်။
မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ ဖလူးလေး၊ ဖလူးကြီးနှင့် မင်းလက်ပံရွာတို့တွင် မတ်လ ၃၁ ရက် နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးနှင့် တောက်လျှောက်ပစ်ကူပေးနေသည်။
အလားတူ မြဝတီမြို့တောင်ပိုင်းတွင် တစ်ခုတည်းသော ကျန်ရှိနေသည့် စစ်ကောင်စီ၏ အဆိုပါဗျူဟာကုန်းအား KNU ပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ထားသည်။ ၎င်းဗျူဟာကုန်းမှာ မတ်လ ၃၁ ရက်တွင် တိုက်ပွဲအရှိန် ပိုမြင့်လာပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူများပါ အသုံးပြုလာသည်။
အဆိုပါ တိုက်ပွဲများ မပြင်းထန်မီ ရက်ပိုင်းအလိုက ဖလူးကြီးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲခဲ့သဖြင့် နေအိမ်များ မီးလောင်ခဲ့သည်။ ထို့ပြင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ နေရာအချို့ကိုလည်း စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မတ်လ ၃၁ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မြန်မာဘက်ခြမ်း နီလာပန်ရွာအနီး တိုက်ပွဲအတွင်းမှ ကျည်ဆန်များမှာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာ အုပ်စု၊ ဟွေ့မဟာဝမ်ရွာအတွင်းသို့ ကျရောက်ခဲ့သည်။
ထိုင်းဘက်အခြမ်းသို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်သဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲ့ကိုကင်းရွာအတွင်းရှိ မြန်မာစစ်ဘေးရှောင် ပြည်သူ ၃ ဦးနှင့် မြန်မာလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံဘက်အခြမ်းသို့ နယ်စပ်ဖြတ်ကျော် ကျည်ကျရောက်မှုနှင့် ပတ်သက်၍ ထိုင်းစစ်တပ်၏ Naresuan Task Force တပ်မှူး ဗိုလ်ချုပ် မိုင်ထရီ ချူပရီချာ (Maj. Gen. Maitree Chupreecha) က သတိပေးသည့်အနေဖြင့် မီးခိုးဗုံး (Smoke rounds) ၄ လုံးကို ချက်ချင်း ပစ်ခတ်ခဲ့ကြောင်း ပြောကြားသည်။
ထိုင်းစစ်တပ်အနေဖြင့် နယ်စပ်တစ်လျှောက် တိုက်ပွဲအခြေအနေအား အနီးကပ် စောင့်ကြည့်နေပြီး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်း (ROE) များကို တိတိကျကျ လိုက်နာဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံများအနေဖြင့် သတိပြုနေထိုင်ရန် တိုက်တွန်းထားသော်လည်း ထိုင်းဘက်ခြမ်း အခြေအနေမှာ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း သိရှိရသည်။
KNU သည် ထိုင်း-မြန်မာ နယ်စပ်ကို ထိန်းချုပ်နိုင်ရန် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ စစ်ဆင်ရေးများ အရှိန်မြှင့်ခဲ့ပြီး လက်ရှိတွင် နယ်စပ်မျဉ်းတစ်လျှောက်ရှိ စစ်ကောင်စီစခန်း အားလုံးနီးပါးကို သိမ်းယူထားနိုင်ခဲ့ပြီ ဖြစ်သည်။





