ရန်ကုန်၊ ဧပြီ ၁
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးချယ်မည့်အရေးကို ကြံ့ဖွတ်အမတ်များ ကြိုတင်သိရှိခွင့်မရခဲ့ဘဲ အနီးကပ်မှသာ သိရှိခဲ့ရကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် မတ်လ ၃၀ ရက်နေ့တွင် စစ်တပ်ဦးစီးချုပ်ရာထူးမှ အနားယူခဲ့ပြီး အကြမ်းဖက် ပြည်သူ့လွှတ်တော်အစုအဖွဲ့က မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခဲ့ကြောင်း၊ သို့ရာတွင် ယင်းကဲ့သို့ အဆိုပြုမည်ကို အချိန်နီးကပ်မှသာ သိရှိခဲ့ရကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
“ကြိုတင်အသိမပေးဘူး။ အနီးကပ်မှ အသိပေးတာ။ ပြည်သူ့လွှတ်တော်ဘက်မှာ သတင်းတွေ ကြိုထွက်သလို ဦးညိုစောကို တင်မယ်လို့ပဲ သိထားတာ။ အနီးကပ်ရောက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တင်မယ်ဆိုတာ သိရတာ။ သူတို့ ထိပ်ပိုင်းကတော့ ကြိုသိမှာပေါ့။ ပြည်ခိုင်ဖြိုး အမတ်တွေကတော့ နာရီပိုင်းအလိုမှပဲ အသိပေးတာ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။
ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်အစုအဖွဲ့မှတစ်ဆင့် မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် တင်မြှောက်မှုအပေါ် မကျေလည်မှုများရှိသော်လည်း ပါတီက ချမှတ်သော ဆုံး ဖြတ်ချက်ဖြစ်၍ လိုက်နာရကြောင်း၊ လာမည့် အကြမ်းဖက် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင်လည်း မင်းအောင်လှိုင်ကိုသာ သမ္မတ ရွေးချယ်ရမည်ဖြစ်ကြောင်း ကြံ့ ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
“ပြည်ထောင်စုလွှတ်တော်က သမ္မတ ရွေးရင်လည်း ဗိုလ်ချုပ်မှူးကြီးကိုပဲ ရွေးရမှာပဲ။ အခုထိတော့ ဘယ်သူ့ကို သမ္မတမဲပေးပါဆိုပြီး မပြောသေးဘူး။ သမ္မတရွေးမယ့်နေ့မှ လွှတ် တော် မသွားခင်မှပဲ ဗိုလ်ချုပ်မှူးကြီးကို ဘယ်သူတွေ မဲပေးပြီး ဦးညိုစောကို ဘယ်လိုမဲပေးဆိုတာမျိုး ပါတီ ထိပ်ပိုင်းက ပြောမယ်ထင်တယ်။ အခုထက်ထိတော့ ဘာညွှန်ကြားချက်မှ မလာသေးဘူး” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ဆိုသည်။
ကြံ့ခိုင်ရေးပါတီအတွင်း အမတ်နေရာအများစုကို ရရှိထားသော်လည်း အစိုးရဖွဲ့စည်းရေး၊ ဝန်ကြီးများ ခန့်အပ်ရေး အပါအဝင် အရေးကြီး ကိစ္စများစွာကို ကြံ့ဖွတ်အမတ်များက သိရှိခွင့်မရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ရှင်းပြသည်။
ကြံ့ဖွတ်ပါတီသည် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် အကြမ်းဖက်ပြည်သူ့ လွှတ်တော်တွင် ၂၃၁ နေရာ၊ အကြမ်းဖက်အမျိုးသားလွှတ်တော်တွင် ၁၀၈ နေရာ ရရှိထားပြီး အကြမ်းဖက် ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးတွင် ၃၃၉ နေရာ ရရှိထားသော်လည်း ပါတီတွင်း မည်သည့်စီမံခန့်ခွဲမှု ကိစ္စကိုမှ ဆုံးဖြတ်နိုင်ခြင်းမရှိကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်ကသာ တိုက်ရိုက်စီမံကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။




