ရန်ကုန်၊ ဇူလိုင် ၁၀
စစ်တပ်လက်ဝေခံ ကြံ့ဖွတ်ပါတီအမတ်များ ပါဝင်နေသော ကြံ့ဖွတ်လွှတ်တော်က အာဆီယံကို ပြတ် ပြတ်သားသား ဆန့်ကျင်ရေး ပြောဆိုသော်လည်း အကြမ်း ဖက် စ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံက မြန်မာအပေါ် သဘောထားပျော့ပျောင်းလာပြီဟုဆိုကာ ကြံ့ဖွတ် အမတ်များကို တုံ့ပြန်နားချပြောဆိုသည်။
ယမန်နေ့ ကြံ့ဖွတ်လွှတ်တော်အစည်းအဝေးတွင် နန္ဒာလှမြင့်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးကို ထိခိုက်စေသည့်အပြင် လက်ရှိနိုင်ငံရေးအခြေအနေနှင့်လည်း မကိုက်ညီတော့ကြောင်း အဆို တင်သွင်းဆွေးနွေးစဉ် အကြမ်းဖက် စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက ထိုသို့ တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။
ကြံ့ဖွတ်အမတ်များက အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (Five-Point Consensus) ကို ပြန်လည်သုံးသပ်ရန်နှင့် အာဆီယံအပေါ် ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြသော်လည်း စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက အာဆီယံအတွင်း မြန်မာနိုင်ငံအပေါ် သဘောထားများ ပျော့ပျောင်းလာနေပြီး ဆက်ဆံရေးလည်း တိုးတက်လာကြောင်း တုံ့ပြန် ပြောဆိုသည်။
အာဆီယံကို ပြတ်ပြတ်သားသားဆန့်ကျင်ရန် ကြံ့ဖွတ် အမတ်များအားလုံးက ပြောဆိုဆွေးနွေးခဲ့ကြပြီး အာဆီယံအဖွဲ့အပေါ် ပိုမိုပြတ်သားသည့် ရပ်တည်ချက်ဖြင့် တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း ကြံ့ဖွတ် အတ်များက တိုက်တွန်းကြသည်။
ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေကလည်း ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံပဋိညာဉ်ကို ဖောက်ဖျက်နေသည်ဟု စွပ်စွဲပြောဆိုကာ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံမှ ထွက်ခွာသင့်ကြောင်း ၊ ထို့ပြင် ကြံ့ဖွတ် အမတ်ဆိုသူများကလည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့မှ ထွက်ခွာသင့်သည်ဟု အကြံပြုပြောဆိုကြသည်။
ယင်းသို့ ဆွေးနွေးမှုများအပေါ် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက ပြန်လည်ရှင်း လင်းရာတွင် လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်များ၌ မြန်မာနိုင်ငံအပေါ် ယခင်ကဲ့ သို့ ဖိအားပေးတောင်းဆိုမှုများထက် အာဆီယံ၏ မြန်မာအရေးဆောင်ရွက်ချက်များကို အပြုသဘောဖော်ပြထားသည်ကို တွေ့ရကြောင်း တုံ့ပြန်ပြောဆိုသည်။
ထို့ပြင် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးများတွင်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ ယခင်ကကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုများ မရှိတော့ဘဲ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပိုမိုတွေ့ရှိလာရကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံနှင့် အာဆီယံဆက်ဆံရေးကို သုံးသပ်ရာတွင် ဆန့်ကျင်ဘက်မီဒီယာများနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို မလိုလားသည့် မီဒီယာများ၏ ဖော်ပြချက်များကို သတိထားရန်လည်း သူကတိုက်တွန်းသည်။
နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေဆိုသူက အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှ ခေါင်းဆောင်များနှင့် တာဝန် ရှိသူများ၏ မြန်မာနိုင်ငံအပေါ် အပြုသဘောမဆောင်သည့် ပြောဆိုမှုများသည် ပုဂ္ဂိုလ်ရေးသဘောထားများသာဖြစ်ပြီး အာဆီယံတစ်ဖွဲ့လုံး၏ ရပ်တည်ချက်ကို ကိုယ်စားမပြုကြောင်း ပြောကြားသည်။
သို့သော် အာဆီယံ၏ တူညီသဘောတူညီချက် (Consensus) စနစ်အရ ယင်းသဘောထားများသည် အဖွဲ့၏ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သူက ဆိုသည်။
၎င်းက အာဆီယံအတွင်း မြန်မာနိုင်ငံနှင့် ရင်းနှီးသည့်၊ မြန်မာနိုင်ငံအပေါ် သဘောထားပျော့ပျောင်းသည့် နိုင်ငံအချို့ရှိနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတစ်ဖွဲ့လုံးနှင့်သာမက အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီနှင့်လည်း နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အစိုးရသစ်တာဝန်ယူပြီးနောက် နှစ်လကျော်အတွင်း ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့မှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း၊ မကြာမီတွင်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိကြောင်း ပြောဆိုခဲ့သည်။
မင်းအောင်လှိုင်၏ အိန္ဒိယနှင့် တရုတ်နိုင်ငံ ခရီးစဉ်များအတွင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု တင်မောင်ဆွေက ဆိုသည်။
ထို့ပြင် လာအိုသမ္မတကလည်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုကြောင်း နှင့် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်အခန်းကဏ္ဍ ပြန်လည်ရရှိရေးကို ထောက်ခံအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
ဝန်ကြီး တင်မောင်ဆွေက ယင်းအခြေအနေများသည် သံတမန်ရေးအောင်မြင်မှုနှင့် နိုင်ငံတကာဆက်ဆံရေး တိုးတက်လာမှုကို ပြသနေကြောင်း၊ လက်ရှိတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ ပြန်လည်များပြားလာနေပြီး မကြာမီကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးသို့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ် ကြောင်း ပြောကြားသည်။
မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အာဆီယံအတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ရပ်တည်ချက်များနှင့် ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ရန် ဆွေးနွေးမှုများ ရှိနေကြောင်း သတင်းများတွင် ဖော်ပြနေပြီး မဝေးသည့်အနာဂတ်တွင် မြန်မာနိုင်ငံ၏ မူလအခွင့်အရေးများနှင့် အဆင့် အတန်းကို အာဆီယံအတွင်း ပြန်လည်ရရှိမည်ဟု ယုံကြည်ကြောင်း သူက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့် နည်းလမ်းများဖြင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးတင်မောင်ဆွေက ကြံ့ဖွတ်အမတ်များကို နားချပြောဆိုသွားသည်။




