ရန်ကုန်၊ ဧပြီ ၂
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မကွေးတိုင်း၊ မြိုင်-ပေါက်မြို့နယ်အစပ်တို့တွင် စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်များ အသုံးပြု၍ လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကျဲတိုက်ခိုက်ခဲ့မှုများနှင့် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယမန်နေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်း ဝက်လက်မြို့နယ်ရှိ မင်းကုန်းကြီးကျေးရွာကို စစ်ကောင် စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံး မီးလောင်ပြာကျသွားခဲ့ရသည်။
သို့သော်လည်း မြေပြင်တွင် စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စစ်ကြောင်းထိုးနေသဖြင့် ပြည်သူများမှာ ကြိုတင်တိမ်းရှောင်နေကြရသောကြောင့် လေကြောင်းတိုက်ခိုက်မှုအတွင်း လူထိခိုက်မှု မရှိခဲ့ပေ။
Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက “မင်းကုန်းကြီးရွာကို စစ်ခွေးတွေက လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကျဲ သွားတာ ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ စစ်ခွေး စစ်ကြောင်းက မြေပြင်ကလည်း စစ်ကြောင်းထိုးနေတော့ ပြည်သူတွေ တိမ်းရှောင်နေရလို့ ထိခိုက်တဲ့သူမရှိခဲ့ဘူး။ အဲ့စစ်ခွေးစစ်ကြောင်းက စစ်ကြောင်းထိုးနေတာ ၃ လလောက်ရှိနေပြီး အခုထိ မပြန်သေးဘူး။ ပြည်သူတွေလည်း တိမ်းရှောင်လာရတာ ကြာလာတော့ စားနပ်ရိက္ခာတွေ လိုအပ်နေတာလည်းရှိတယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် ထုံးဘို၊ ရှားကွဲ၊ ချောင်းမှီတို၊ ရေဖြူ၊ ရေဂမိုး၊ ရွာသစ်၊ လှေပိုဆိပ်၊ သစ်ဆိပ်၊ ကူကြီး၊ ငါးပတ်ချောင်း၊ မင်းကုန်းကြီး၊ သရက်ပင်နှင့် ရေလည်မော် စသည့် ကျေးရွာပေါင်း ၁၀ ခုကျော်မှ ပြည်သူသောင်းနှင့်ချီကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်မှာ ၃ လခန့် ရှိလာပြီဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း ငါးပတ်ချောင်းရွာသို့ ဝင်ရောက်စီးနင်းသော စစ်တပ်က စိတ်ရောဂါခံစားနေရသည့် အသက် ၅၀ အရွယ် ဒေါ်ဗိန်မကို မီးရှို့သတ်ဖြတ်ခဲ့သည့် ရက်စက်သော ဖြစ်စဉ်လည်း ရှိခဲ့သည်။
အလားတူပင် မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ပေါက်အရှေ့မြောက်ခြမ်း တစ်နေရာကိုလည်း ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ၅ ကြိမ်တိုင်တိုင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။
တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၇ လုံးခန့် ကြဲချခဲ့သည့်အပြင် ပွိုင့်ဖိုက် (Point 5) စက်သေနတ်များဖြင့်လည်း တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ရသည်။
ဒေသပြည်သူတစ်ဦးက “စစ်ခွေးတွေက ၅ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပြည်သူ ၂ ဦးထိခိုက်တယ်။ စိုးရိမ်ရတယ်လို့သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၂ ဦးက အသက်အရွယ်နှင့် ဘယ်ကျေးရွာနေတယ်ဆိုတာကို ဆက်လက် စုံစမ်းနေတုန်းပါ။ နေအိမ် ၁ လုံး မီးလောင်ပျက်စီးသွားတယ်။ စစ်ခွေးတွေက ဗုံး ၇ လုံးနဲ့ ဗုံးကျဲတိုက်ခိုက်တယ်။ ပွိုင့်ဖိုက်များဖြင့် တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရတယ်” ဟု ပြောကြားသည်။
ဓာတ်ပုံ- စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)




