27 C
Yangon

မန္တလေးကျောက်ဝိုင်းတွင် စည်ပင်က ပျံကျစျေး စျေးကောက်နှုန်းထားများကို ၆ ဆခန့် တိုးမြှင့်လိုက်သဖြင့် စျေးသည်များ အခက်တွေ့နေ

Must read

ရန်ကုန်၊ ဧပြီ ၅

မန္တလေးမြို့၏ စီးပွားရေးအသက်သွေးကြောဖြစ်သော မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အတွင်းရှိ ပျံကျစျေးသည်များထံမှ ကောက်ခံသည့် စျေးကောက်နှုန်းထားများကို ယခင်ထက် ၆ ဆခန့်အထိ စည်ပင်က တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် အခြေခံစျေးသည်များ စားဝတ်နေရေး အကျပ်အတည်းဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိတွင် ကျောက်၀ိုင်းသို့ ပြည်ပကုန်သည်များ လာရောက်မှု နည်းပါးခြင်းနှင့် ကုန်ကြမ်းရှားပါးမှုများကြောင့် အရောင်းအဝယ်များ အေးစက်နေသော်လည်း စည်ပင်သာယာရေးကော်မတီက ယခင် စျေးကောက်ခနှုန်းထားကို နေ့စဉ် ၅၀၀ ကျပ်မှ ငွေကျပ် ၃,၀၀၀ ကျပ် အထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

“မန္တလေးမြို့မှာ ကျောက်မျက်ရတနာနဲ့ ပတ်သက်ပြီး စီးပွားရှာသူဟာ မြို့ဦးရေရဲ့ သုံးပုံနှစ်ပုံလောက် ရှိနေတာပါ။ အဲဒီထဲမှာမှ အခြေခံ ပျံကျစျေးသည်က ထက်ဝက်ကျော် ရှိနေတာဖြစ်လို့ အခုလို စျေးကောက် တိုးမြှင့်လိုက်တာဟာ လူအများစုရဲ့ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်စေပါတယ်” ဟု စျေးကွက်အတွင်း လှုပ်ရှားနေသူများက ဆိုသည်။

မန္တလေးကျောက်၀ိုင်းအတွင်း ပြည်တွင်း၊ ပြည်ပ အရောင်းအဝယ်များ ဘက်စုံကျဆင်းနေခြင်း၊အရည် အသွေးနိမ့် လက်ကျန်ကျောက်များကိုသာ အနိုင်နိုင်ရောင်းချနေရခြင်း၊ အထွေထွေကုန်စျေးနှုန်း မြင့်တက်မှုဒဏ်ကို ခံစားနေရခြင်းတို့ကြောင့် စျေးသည်များမှာ လုပ်ငန်းများ မကောင်းဘဲ ရပ်တန့်နေရကြောင်း သိရှိရသည်။

ကျောက်၀ိုင်းမှ ပျံကျစျေးသည်များက ၎င်းတို့၏ နေ့စဉ်ဝင်ငွေနှင့် ကိုက်ညီမှုမရှိသော ၃,၀၀၀ ကျပ်အစား ၁,၀၀၀ ကျပ် သို့သာ ပြင်ဆင်လျှော့ချ သတ်မှတ်ပေးရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံသို့ တောင်းဆိုထားကြသော်လည်း စည်ပင်က အကြောင်းပြန်ကြားခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article