ရန်ကုန်၊ ဧပြီ ၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်-မုဒုံ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မုဒုံမြို့နယ်၊ သံဖြူဇရပ်-မုဒုံ လမ်းပိုင်းရှိ ကွမ်လှာရွာနှင့် ရောင်းဒေါင်းရွာအကြားတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ၁ နာရီနီးပါးခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသောကြောင့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုအတွင်း ကုန်ကားမောင်းသူ အမျိုးသား ၁ ဦး ကျည်ထိမှန်ကာ ပွဲချင်ပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ရောင်းဒါးရွာနားမှာ မနေ့က ညနေပိုင်းမှာ တိုက်ပွဲဖြစ်တာ ၁ နာရီနီးပါးလောက်ကြာတယ်။ တိုက်ပွဲစဖြစ်တည်းက လမ်းပိုင်းက ပိတ်သွားလို့ ခေတ္တစောင့်ဆိုင်းလိုက်ရသေးတယ်။ လမ်းပြန်ဖွင့်တဲ့ အချိန်မှာ တွေ့ခဲ့တာက စစ်ခွေး ၂ ကောင် စစ်ကားပေါ်မှာ မှောက်နေတာမြင်တယ်။ နောက်ပြီး စစ်ခွေးတွေ ရမ်းပစ်လို့ ယာဉ်မောင်း အမျိုးသား ၁ ဦးလည်း ပွဲချင်းပြီးသေဆုံးတယ်။ လမ်းပိုင်းပိတ်တာက ခဏလောက်ပါပဲ တိုက်ပွဲပြီးတာနဲ့ ပြန်ပွင့်သွားတယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ပွဲမှုအား မည်သည့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးဘဲ တိုက်ပွဲ ဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များကို ဆက်သွယ် မေးမြန်းလျက်ရှိသည်။




