27 C
Yangon

တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး စက်တပ်လေထီးများကလည်း ၂ ရက်ဆက် ဗုံးကျဲနေ

Must read

ရန်ကုန်၊ ဧပြီ ၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး စက်တပ်လေထီးများကလည်း ၂ ရက်ဆက် ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အောင်သာရွာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေ‌စမ်းချောင်းရွာပေါ်ကို ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၅၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ပန်းပေါင်းရွာပေါ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း၊ အလားတူ ယမန်နေ့ ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်ကလည်း မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးက တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကိုလည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် တောင်သာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က မြေပြင်မှလည်း စစ်ကြောင်းထိုးနေပြီး လေကြောင်းဖြင့်လည်း ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေ ဗုံးကျဲတာက ၂ ရက်ဆက်ကို ဗုံးကျဲ တိုက်ခိုက်သွားတာ စက်တပ်လေထီးနဲ့ ဗုံးကျဲတာတော့ကတော့ ထိခိုက်မှုမရှိဘူး။ နေအိမ်တွေ ပျက်စီးတာပဲရှိတယ်။ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာကတော့ ပြည်သူ ၂ ဦး သေဆုံးတယ်။ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ အခုက မြေပြင် စစ်ကြောင်းကော လေကြောင်းနဲ့ပါ ဆက်တိုက်ကို တိုက်ခိုက်နေလို့ ပြည်သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် တောင်သာ-ရုံးစည်ကြီး လမ်းပိုင်းတလျှောင်၌ ကင်းပုန်းဝပ်နေပြီး အောင်သာ – ရွှေမန်း – ပန်းပေါင်း လမ်းပိုင်းဂိတ်ကို ခြေကုပ်ယူထားကြောင်း၊ ယင်းစစ်ကြောင်းတွင် အင်အား ၈၀ ခန့်ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article