27 C
Yangon

ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို နေ့စဉ် တိုက်ခိုက်မှု နေအိမ်များပျက်စီး၊ ပေါက်တွင်လည်း စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို နေ့စဉ် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များပျက်စီးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မွန်းလွဲပိုင်းထိ အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်းရွာဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရသည်။

ထို့ပြင် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကော့ကရိတ်မြို့နယ်၊ သာယာကုန်းရွာကို ဒရုန်းဗုံးများ ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ခိုက်နေတာကတော့ နေ့တိုင်းနီးပါးပဲ ပြည်သူတွေတော့ ထိခိုက်တာမရှိပါဘူး။ နေအိမ်တွေ ပျက်စီးတာပဲရှိတယ်။ တိုက်ပွဲဖြစ်တာတော့မရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်လည်း ပျူစောထီးကျေးရွာများကို ရိက္ခာပို့ပြီး ပေါက်မြို့ပေါ်သို့ ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ဖြတ်သန်းသွားရာ လမ်းပိုင်းရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့တွင် ပေါက်မြို့နယ် တောင်ပိုင်းရှိ ပျူစောထီး ကျေးရွာများကို ရိက္ခာပို့ပြီး ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇံရွေးခုံရွာနှင့် ကျားပစ်ကန်ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အခု စစ်ခွေးစစ်ကြောင်းက ပျူစောထီးရွာတွေကို ရိက္ခာပို့ပြီးတော့ ပေါက်မြို့ပေါ်ကို ပြန်နေတာပေါ့။ သူတို့ ပြန်တဲ့ လမ်းကြောင်းမှာရှိတဲ့ ရွာတွေကို စစ်ခွေးတွေက ဒရုန်းတွေနဲ့ ဆက်တိုက်ကို ဗုံးကျဲနေတာ ပြည်သူ ၅ ဦး ထိခိုက်တယ်လို့တော့ သိရတယ်။ သေဆုံးတာတော့ မရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article