36 C
Yangon

မင်းအောင်လှိုင်၏ ချွေးမ မျိုးရတနာထိုက်ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရန် JFM က ထပ်မံတောင်းဆို

Must read

ရန်ကုန်၊ ဧပြီ ၈

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက် အား နိုင်ငံတကာမှ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု (Sanctions) များ ချမှတ်ရန် Justice For Myanmar (JFM) က ထပ်မံတိုက်တွန်း တောင်းဆိုလိုက်သည်။

ချွေးမဖြစ်သူ မျိုးရတနာထိုက်သည် စစ်ခေါင်းဆောင်မိသားစုအပေါ် ချမှတ်ထားသည့် ပိတ် ဆို့မှုများကို ရှောင်လွှဲရန်အတွက် အဓိက “ဂယ်ပေါက်” (Loophole) တစ်ခုအဖြစ် အသုံးပြုခံနေရခြင်းကြောင့် ဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့မှု ဟာကွက်များကို အသုံးပြု၍ ဘန်ကောက်တွင် အိမ်ရာဝယ်ယူခြင်း

JFM ၏ ထုတ်ဖော်ချက်အရ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံသည် အမေရိကန်နှင့် ကနေဒါတို့၏ ပိတ်ဆို့မှုကို ခံထားရသော်လည်း ဇနီးဖြစ်သူ မျိုးရတနာထိုက်မှာ မည်သည့်နိုင်ငံ၏ ပိတ်ဆို့မှုကိုမျှ မခံရသေးပေ။

ထိုဟာကွက်ကို အသုံးပြု၍ ၂၀၂၂ ခုနှစ်အတွင်း ဘန်ကောက်မြို့ရှိ Issara Residence Rama 9 မှ ထိုင်းဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတစ်ခုကို မျိုးရတနာထိုက်၏ အမည်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ ဝယ်ယူမှုဖြစ်စဉ်တွင် ပွဲစားအဖြစ် စစ်အုပ်စု၏ ခရိုနီ ထွန်းမင်းလတ် (ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံထားရသူ) က ကူညီဆောင်ရွက်ပေးခဲ့သည်​။ ဝယ်ယူမှုကို ဖုံးကွယ်ရန်အတွက် Emerald Princess Co., Ltd. အမည်ရှိ ကြိုးကိုင်ကုမ္ပဏီတစ်ခုကို ဝယ်ယူမှုမတိုင်မီ တစ်ပတ်အလိုတွင်မှ အလျင်အမြန် တည်ထောင်ခဲ့သည်။ ငွေပေးချေမှုတွင် Siam Commercial Bank, Kasikorn Bank နှင့် Bangkok Bank အစရှိသည့် ထိုင်းဘဏ်ကြီးများကို အသုံးပြုခဲ့သည်။

မင်းအောင်လှိုင်၏ သားသမီးများဖြစ်သော အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့သည် ထိုင်းနိုင်ငံတွင် အခြားသော ဇိမ်ခံကွန်ဒိုများနှင့် ဘဏ်စာအုပ်များစွာ ပိုင်ဆိုင်ထားကြောင်းလည်း ဖော်ထုတ်ရရှိထားသည်။ အထူးသဖြင့် ခရိုနီထွန်းမင်းလတ်၏ နေအိမ်ကို ထိုင်းအာဏာ ပိုင်များ ဝင်ရောက်စီးနင်းစဉ်က မင်းအောင်လှိုင်၏ သမီးဖြစ်သူ၏ ဘဏ်စာအုပ်များကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

Justice For Myanmar က မင်းအောင်လှိုင် မိသားစုအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် နိုင်ငံတကာသို့ မကြာခဏ တောင်းဆိုထားပြီး အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံများအနေဖြင့် မင်းအောင်လှိုင်၏ ဇနီး ကြူကြူလှ နှင့် ချွေးမ မျိုးရတနာထိုက် တို့ကိုပါ အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆိုခဲ့သည်။

ယင်းအပြင် ထိုင်းအစိုးရအနေဖြင့်လည်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ စစ်ခေါင်းဆောင်မိသားစု၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းစုံစမ်းရန်နှင့် မြန်မာနိုင်ငံတွင် တရား ဝင်အစိုးရ ပေါ်ထွန်းလာမှသာ ပြန်လည်ပေးအပ်ရန်၊ ပြည်သူ့ဘဏ္ဍာများကို အသုံးပြု၍ ပြည်ပတွင် စည်းစိမ်ခံနေခြင်းကို အားပေးကူညီခြင်း မပြုရန် တောင်းဆိုခဲ့သည်။

မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ လုပ်ဆောင်နေချိန်တွင် စစ်ခေါင်း ဆောင်မိသားစုက ပြည်ပ၌ အခွင့်ထူးခံ ဇိမ်ခံပိုင်ဆိုင်မှုများ ရယူနေခြင်းကို ဟန့်တားရန် မျိုးရတနာထိုက်ကဲ့သို့သော မိသားစုဝင်များကို ပိတ်ဆို့ရန် အရေးကြီးကြောင်း JFM က ထောက်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article