ရန်ကုန်၊ ဧပြီ ၈
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မဈေးထိပ်တွင် စစ်တပ် လှည့်ကင်းက အရပ်ဝတ် ဝတ်ဆင်ထားသော ခရိုင်ဒုရဲမှူး မင်းလွင်ကို ပစ်သတ်ပြီးနောက် ရဲနှင့် စစ်သားများကြား တင်းမာမှု ဖြစ်ပွားနေကြောင်း ရေဦးအနောက်ခြမ်းဇုံ သတင်းတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့ ညနေပိုင်းတွင် ရေဦးမြို့မဈေးထိပ်၌ ခရိုင်ဒုရဲမှူး မင်းလွင်သည် အရပ်ဝတ်ဖြင့် သွားလာနေစဉ် ကင်းလှည့်နေသော အကြမ်းဖက် စစ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပစ်ခတ်ခံရပြီးနောက် မင်းလွင်ကို ရေဦးမြို့မဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေစဥ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ခရိုင်ဒုရဲမှူး မင်းလွင် ပစ်ခတ်ခံရပြီးနောက် ရေဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်သားများနှင့် ရဲများအကြား တင်းမာမှုဖြစ်ပွားနေကြောင်း၊ မင်းလွင်ကို အကြမ်းဖက် စစ်သားများက မည်သည့် အတွက်ကြောင့် ပစ်ခတ်သတ်ဖြတ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“မနေ့က ညနေပိုင်းမှာ ခရိုင်ဒုရဲမှူး မင်းလွင်က အရပ်ဝတ်နဲ့ ရေဦးမြို့မစျေးထိပ်မှာ သွားလာနေတုန်း ကင်းပတ်ထွက်လာတဲ့ စစ်ခွေးတွေက ပစ်သတ်သွားတာ နေရာမှာတင် ပွဲချင်းပြီး သေတာမျိုးမဟုတ်ဘဲ ရေဦးမြို့မ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဥ်အတွင်း သေဆုံးသွားတယ်လို့သိရတယ်။ ဘာကြောင့်ပစ်တာလဲ။ လူမှားပြီးပစ်တာလား။ သူတို့အချင်းချင်းပဲ ရန်ငြိုးရှိထားလို့ ရည်ရွယ်ချက်ရှိရှိပစ်သွားတာလားဆိုတာတော့ မသိရသေးဘူး။ ရဲခွေးတွေနဲ့ စစ်ခွေးတွေကြားမှာလဲ မင်းလွင်ကိစ္စနဲ့ ပက်သက်လို့ ဂယက်ရိုက်ပြီး မြို့ပေါ်မှာ မပြေလည်မှုတင်းမာမှုတွေရှိနေတယ်လို့ စုံစမ်းသိရတယ်” ဟု ရေဦးအနောက်ခြမ်းဇုံ သတင်းတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။




