ရန်ကုန်၊ ဧပြီ ၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ငါးဆူးကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ၏နေအိမ်တဲများ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ (Jet Fighter) ၁ စီးဖြင့် ငါးဆူးကုန်းကျေးရွာအတွင်းသို့ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ရွှေဘိုမြို့အခြေစိုက် ခလရ ၄၂ တပ်ရင်းကလည်း ဟောင်ဝှစ်ဇာ (Howitzer) လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဒေသပြည်သူတစ်ဦးက “စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ တဲတွေ ပျက်စီးသွားတယ်။ စစ်ခွေးတွေ လေကြောင်းက ဗုံး ၂ လုံးကျဲသွားတယ်။ ရွှေဘိုမြို့ ခလရ ၄၂ တပ်ရင်းကနေပြီးတော့ အဲဒီဆီကိုပဲ ဟောင်ဝှစ်ဇာနဲ့ လှမ်းပစ်တာ တိုက်ခိုက်ခဲ့တယ်။ လက်နက်ကြီး အလုံးအရေအတွက်ကတော့ မသိရသေးဘူး” ဟု ပြောဆိုသည်။
အလားတူ လွန်ခဲ့သည့် ဧပြီလ ၆ ရက်နေ့ကလည်း မိတ္ထီလာနှင့် တံတားဦးလေတပ်တို့မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးက ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းကို ၇ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းဆောင်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားကျေးရွာများနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ် ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးနေသော ကျေးရွာနှင့် နေအိမ်များ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




