30 C
Yangon

သုံးစွဲသူအချက်အလက်များ စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့မှုဖြင့် တယ်လီနောကုမ္ပဏီကို မြန်မာသုံးစွဲသူများက နော်ဝေနိုင်ငံ၌ သမိုင်းဝင် တရားစွဲဆို

Must read

ရန်ကုန်၊ ဧပြီ ၈

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးစွဲသူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်ကောင်စီထံသို့ ပေးအပ်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှသုံးစွဲသူများက တယ်လီနောကုမ္ပဏီကို နော်ဝေနိုင်ငံ၌ တရားစွဲဆိုလိုက်ပြီဖြစ်သည်။

ဤအမှုသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံမှုထက်မကဘဲ၊ စစ်အာဏာရှင်၏ အကြောက်တရားအောက်တွင် အရေးကြီးအချက်အလက်များ ထုတ်ဖော်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဖမ်းဆီးခံရမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ နိုင်ငံရေးအရဖိနှိပ်မှုနှင့် ဘဝများစွာ ပျက်စီးခဲ့ရမှုတို့အတွက် တရားစွဲဆိုလိုက်ခြင်းဖြစ်သလို၊ တာဝန်ခံမှု၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှုတို့အတွက် တယ်လီနောသုံးစွဲသူ မြန်မာပြည်သူတို့၏ တိုက်ပွဲတစ်ခုလည်း ဖြစ်ကြောင်း တရားစွဲဆိုသူများက ဆိုသည်။

တယ်လီနောမြန်မာအနေဖြင့် စစ်တပ်၏တောင်းဆိုမှုများအတိုင်း သုံးစွဲသူတို့၏ အရေးကြီးသော အချက်အလက်များကို လွှဲပြောင်းပေးခဲ့ကြောင်း၊ နော်ဝေနိုင်ငံအခြေစိုက် Telenor ASA အနေဖြင့်လည်း ဤသို့လုပ်ဆောင်ခြင်း၏ အန္တရာယ်များကို သိရှိခဲ့ပြီး အခြေအနေအရပ်ရပ်ကို ပုံမှန်အစီရင်ခံမှု ရရှိခဲ့သည့်အပြင် အချို့သောကိစ္စရပ်များတွင် လိုက်နာဆောင်ရွက်ရန်ပင် အကြံပြုခဲ့ကြောင်း အဆိုပါအမှုတွင် စွပ်စွဲထားသည်။

ဤတရားစွဲဆိုမှုကို ယနေ့၊ ဧပြီလ ၈ ရက်တွင် စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ တရားမျှတမှုနှင့် တာဝန်ခံမှုဆိုင်ရာ ဦးဆောင်လှုပ်ရှားမှု (Justice and Accountability Initiative – JAI) အဖွဲ့က Centre for Research on Multinational Corporations (SOMO) နှင့် Open Society Justice Initiative တို့၏ ပံ့ပိုးကူညီမှုဖြင့် သုံးစွဲသူများကိုယ်စား ဦးဆောင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဤတရားစွဲဆိုမှုသည် အချက်အလက်များ ပေါက်ကြားစေမှု သက်သက်ကြောင့် ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ နိုင်ငံတွင်း စစ်တပ်က မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ လျှို့ဝှက်တရားစီရင်ခြင်းနှင့် နိုင်ငံရေးအရ ဖိနှိပ်ခြင်းများကို ကျူးလွန်နေသည့် မြန်မာနိုင်ငံတွင် စစ်တပ်၏လုပ်ရပ်များကို သိသိနှင့် ထိုသို့အချက်အလက်များ ပေးအပ်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း တရားစွဲဆိုသူများက အခိုင်အမာပြောကြားထားသည်။

အဆိုပါ တရားစွဲဆိုချက်အရ အနည်းဆုံး ဖုန်းနံပါတ် ၁,၂၅၃ ခုနှင့် ဆက်စပ်နေသော ဖုန်းအချက်အလက်များ ထုတ်ဖော်ခံခဲ့ရသည်ဟု ဆိုသည်။ ယင်းသို့ အချက်အလက်များ ပေါက်ကြားခဲ့ခြင်းကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဟု သံသယရှိခံရသူများသည် စောင့်ကြည့်ခံရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ တရားစွဲဆိုခံရခြင်းများ ကြုံတွေ့ခဲ့ရပြီး အနည်းဆုံး အမှုတစ်ခုတွင် သေဒဏ်ပေးခံရသည်အထိ ဆိုးရွားသောအကျိုးဆက်များကို ရင်ဆိုင်ခဲ့ရကြောင်း တရားလိုများက ထောက်ပြထားသည်။

မြန်မာပြည်သူအများစုအတွက်မူ ဆင်းမ်ကတ်တစ်ခုသည် ဖုန်းနံပါတ် သက်သက်မျှသာ မဟုတ်ပေ။ ၎င်းသည် လူတစ်ဦးတစ်ယောက်၏ နေရပ်လိပ်စာ၊ သွားလာလှုပ်ရှားမှု၊ အဆက်အသွယ်များ၊ ဘဏ္ဍာရေးအခြေအနေနှင့် နိုင်ငံရေးအရ အန္တရာယ်ရှိနိုင်မှုတို့နှင့် တိုက်ရိုက်ချိတ်ဆက်နေသည်။

တယ်လီနောက ကောက်ယူသိမ်းဆည်းထားသည့် အချက်အလက်များထဲတွင် အမည်များ၊ နေထိုင်ရာလိပ်စာများ၊ ဖေ့စ်ဘွတ်ခ်နှင့် ဘဏ်အကောင့်များ၊ အီးဝေါလက် (e-wallets) များ၊ မှတ်ပုံတင်နံပါတ်များ၊ တည်နေရာပြ အချက်အလက်များနှင့် ဖုန်းခေါ်ဆိုမှု မှတ်တမ်းများ ပါဝင်ကြောင်း တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။ စစ်အာဏာရှင်စနစ် ကြီးစိုးနေသည့် နိုင်ငံတစ်နိုင်ငံတွင် ယခုကဲ့သို့သော အချက်အလက်များသည် အရပ်သားပြည်သူများကို ဒုက္ခပေးမည့် လက်နက်တစ်ခုအဖြစ် အလွယ်တကူ ဖြစ်လာနိုင်သည်။

ထို့ကြောင့် ဤအမှုသည် တယ်လီနောဆိုသည့် ကုမ္ပဏီတစ်ခုတည်း၏ ပြဿနာထက် များစွာပို၍ အရေးပါနေခြင်းဖြစ်သည်။ အကယ်၍ ဤတရားစွဲဆိုမှု အောင်မြင်ခဲ့မည်ဆိုလျှင် အာဏာရှင်စနစ်အောက်တွင် သုံးစွဲသူများ၏ အချက်အလက်များကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုအနေဖြင့် ဥပဒေအရ တာဝန်ခံရမည် ဟူသော နိုင်ငံတကာအတွက် အရေးကြီးသည့် စံနမူနာကောင်းတစ်ခု ဖြစ်လာနိုင်ပေသည်။

ဤအချက်သည် မြန်မာနိုင်ငံအတွက်သာမက ဖိနှိပ်မှုများအောက်တွင် နေထိုင်နေရသော ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ အားလုံးအတွက်ပါ အလွန်အရေးပါသည့် အပြောင်းအလဲတစ်ရပ် ဖြစ်လာပေလိမ့်မည်။

ဤတရားစွဲဆိုမှုသည် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ၏ နောက်ကွယ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေးဆပ်ရမှုများကို မီးမောင်းထိုးပြနေသည်။ တစ်ဦးချင်း နစ်နာမှုများထဲတွင် အာဏာသိမ်းမှုကိုဆန့်ကျင်သည့် NLD ပါတီလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ကိုဇေယျာသော်၏ အမှုသည် ထင်ရှားသော သာဓကတစ်ခု ဖြစ်သည်။

တရားစွဲဆိုချက်အရ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် စစ်ကောင်စီက ကိုဇေယျာသော်၏ ဖုန်းမှတ်တမ်းများကို တောင်းခံခဲ့ကြောင်း သိရသည်။ ထိုသို့ အချက်အလက်များ ထုတ်ပေးခြင်းသည် ၎င်းအား ဖမ်းဆီးခံရစေနိုင်သည့်အပြင် လုံခြုံဘေးကင်းခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ထိခိုက်စေနိုင်ကြောင်း တယ်လီနော၏ ကုမ္ပဏီတွင်း ဆန်းစစ်ချက်များအရ သိရှိထားသော်လည်း တယ်လီနောမြန်မာသည် နော်ဝေရှိ Telenor ASA ထံသို့ အကြောင်းကြားပြီးနောက် အဆိုပါ အချက်အလက်များကို လွှဲပြောင်းပေးခဲ့သည်။

ထိုသို့ တယ်လီနောက အချက်အလက်များပေးအပ်ခဲ့ပြီး မကြာမီ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကိုဇေယျာသော် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တံခါးပိတ်ရုံးတင်စစ်ဆေးခံရပြီး သေဒဏ်ချမှတ်ခံရကာ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကွပ်မျက်ခံခဲ့ရသည်။

အခြားတရားလိုတစ်ဦးဖြစ်သူ အရပ်ဘက်တက်ကြွလှုပ်ရှားသူ ကိုအောင်သူကလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၎င်း၏ အချက်အလက်များကို တောင်းခံခဲ့ရပြီး၊ တယ်လီနောမြန်မာက မိခင်ကုမ္ပဏီထံသို့ အဆင့်ဆင့် တင်ပြခဲ့ပြီးနောက် ၎င်း၏အချက်အလက်များကို စစ်တပ်ထံ ပေးအပ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုသို့အချက်အလက်ထုတ်ပေးခြင်းသည် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးများကို ချိုးဖောက်ရာရောက်မည်ဟု ကုမ္ပဏီတွင်း ဆန်းစစ်ချက်များက ဆိုထားသော်လည်း အချက်အလက်များကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ကိုအောင်သူသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ရမည် ဖြစ်သော်လည်း အကျဉ်းထောင်တံခါးဝ၌ပင် ပြန်လည်ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရကာ မတရားထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၂၅ ခုနှစ်တွင်မှ မတရားပြစ်ဒဏ်၏ တစ်စိတ်တစ်ပိုင်းကို ကျခံခဲ့အပြီး ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ဤဖြစ်ရပ်များသည် မြန်မာပြည်သူအများစုက တယ်လီနော၏ ထွက်ခွာမှုကို စီးပွားရေးအရ ရုပ်သိမ်းမှုသက်သက်မဟုတ်ဘဲ တာဝန်မဲ့သောထွက်ခွာမှုအဖြစ် အဘယ်ကြောင့် ရှုမြင်ကြသနည်းဟူသည်ကို သက်သေထူနေသည်။

တယ်လီနောသည် လုပ်ငန်းများ မရောင်းချမီအချိန်အထိ မြန်မာနိုင်ငံတွင် သုံးစွဲသူ ၁၈ သန်းကျော်ရှိသည့် ကြီးမားသော ဈေးကွက်တစ်ခုကို တည်ဆောက်ခဲ့သည်။ သို့သော် အာဏာသိမ်းပြီးနောက် ကုမ္ပဏီသည် သုံးစွဲသူအချက်အလက်များကို စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်ကာ စစ်တပ်နှင့် အလွန်နီးစပ်သော ကုမ္ပဏီများထံ ရောင်းချထွက်ခွာသွားခဲ့သည်။

ဝေဖန်ထောက်ပြသူများကမူ ဤသို့သောလုပ်ရပ်များကြောင့် သုံးစွဲသူများသာ ဆိုးကျိုးများကို ခါးစည်းခံခဲ့ရသည်ဟု ဆိုကြသည်။ မြန်မာပြည်သူများသည် ဖိနှိပ်မှုများ ကြုံတွေ့နေရသည့်ကာလအတွင်း ၎င်းတို့၏ အရေးကြီးသော ပုဂ္ဂိုလ်ရေးအချက်အလက်များကို တယ်လီနောကဲ့သို့သော နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုအပေါ် ယုံကြည်စိတ်ချစွာ အပ်နှံခဲ့ကြသည်။

ထို့ကြောင့် ဤတရားစွဲဆိုမှုသည် နစ်နာကြေး ရရှိရေးအတွက်သာ မဟုတ်ဘဲ၊ အမှန်တရား ပေါ်ပေါက်ရေး၊ တာဝန်ခံမှု ရှိစေရေးနှင့် အများပြည်သူအပေါ် ထိခိုက်နစ်နာစေခဲ့မှုများကို အသိအမှတ်ပြုလာစေရေးအတွက်လည်းဖြစ်ကြောင်း တရားစွဲဆိုသူများကဆိုသည်။

ဤစုပေါင်းတရားစွဲဆိုမှုတွင် တယ်လီနော (Telenor ASA) အနေဖြင့် အချက်အလက်များ ပေါက်ကြားမှုကို မတားဆီးနိုင်ခဲ့ခြင်း သို့မဟုတ် အလွဲသုံးစားပြုလုပ်ခံရနိုင်ခြေကို ကာကွယ်ရန် လုံလောက်သော အစီအမံများ မရှိဘဲ အချက်အလက်များ ထုတ်ပေးရန် မတရားခွင့်ပြုခဲ့ခြင်းတို့ဖြင့် အချက်အလက် ပေါက်ကြားခံရသူတစ်ဦးလျှင် ယူရို ၉,၀၀၀ စီ ပေးလျော်ရန် တောင်းဆိုထားသည်။

နော်ဝေနိုင်ငံ၏ဥပဒေအရ တိုက်ရိုက်ငွေကြေးဆုံးရှုံးမှုများအပြင် ကြောက်ရွံ့ထိတ်လန့်မှု၊ စိုးရိမ်ပူပန်မှုနှင့် လူမှုဘဝအပေါ် ထိခိုက်နစ်နာမှုများအတွက် “စီးပွားရေးနှင့် မသက်ဆိုင်သော နစ်နာကြေးများ” (Non-economic damages) ကို တောင်းဆိုထားခြင်း ဖြစ်သည်။

သို့သော် တယ်လီနောဘက်ကမူ ၎င်းတို့၏တာဝန်ရှိမှုကို ငြင်းဆိုထားသည်။ တယ်လီနောအနေဖြင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် စစ်ကောင်စီ၏ အမိန့်များကို လိုက်နာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ကြောင်းနှင့် နောက်ပိုင်းတွင် စစ်ကောင်စီက အဆိုပါ အချက်အလက်များကို မည်သို့အသုံးပြုသည်ဆိုသည့်အပေါ် ၎င်းတို့တွင် တာဝန်မရှိကြောင်း Reuters သတင်းဌာနသို့ ဖြေကြားခဲ့သည်။ ထို့အပြင် ၎င်းတို့၏ ဆုံးဖြတ်ချက်များသည် စစ်အာဏာရှင်စနစ်၏ ပြင်းထန်သော ဖိအားနှင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများအောက်တွင် လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ခုခံပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် OECD ၏ နော်ဝေ NCP အဖွဲ့ကလည်း တယ်လီနော၏ မြန်မာနိုင်ငံမှ ထွက်ခွာမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်ဆန်းစစ်မှုများ (Human rights due diligence) မှာ လုံလောက်မှု မရှိခဲ့ကြောင်း ကောက်ချက်ချခဲ့သည်။

သုံးစွဲသူ မြန်မာပြည်သူများအတွက်မူ ဤအမှု၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပါသည်။ ယင်းမှာ နိုင်ငံတကာ ကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့၏ စနစ်နှင့် အချက်အလက်များအပေါ် ဘဝကို ပုံအပ်ထားရသည့် ပြည်သူများကို အပြည့်အဝ ကာကွယ်ပေးခြင်း မရှိဘဲ၊ အန္တရာယ်ရှိပြီး ပဋိပက္ခဖြစ်နေသည့်နိုင်ငံများမှ စိတ်တိုင်းကျ ထွက်ခွာသွား၍ ရ၊ မရ ဆိုသည့်အချက်ပင် ဖြစ်သည်။

အကယ်၍ တရားရုံးက ဤစုပေါင်းတရားစွဲဆိုမှုကို ဆက်လက်ခွင့်ပြုပြီး တရားလိုများ အောင်မြင်ခဲ့မည်ဆိုလျှင်၊ ပဋိပက္ခများနှင့် အာဏာရှင်စနစ် ရှိရာဒေသများတွင် လုပ်ကိုင်နေကြသော ကုမ္ပဏီများအနေဖြင့် သုံးစွဲသူများကို ကာကွယ်ရန်၊ အချက်အလက်သိမ်းဆည်းမှုကို လျှော့ချရန်၊ တာဝန်ယူမှုရှိသော ထွက်ခွာမှုများကို စီမံရန်နှင့် အရပ်သားများကို အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ငြင်းဆန်ရန် စသည့်တို့ကို ယခုထက် ပိုမိုလုပ်ဆောင်ရမည်ဟူသော ပြင်းထန်သည့် သတိပေးချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

မြန်မာနိုင်ငံမှ နစ်နာခဲ့ရသူများနှင့် မိသားစုဝင်များအတွက်မူ ဤအမှုသည် နိုင်ငံတကာကုမ္ပဏီကြီးများ၏ အကျိုးစီးပွားကိုသာ အခြေပြုသည့်၊ ပေါ့လျော့သော ဆုံးဖြတ်ချက်များကြောင့် ကြုံတွေ့ခဲ့ရသည့် ဆင်းရဲဒုက္ခများကို လျစ်လျူမရှုသင့်ကြောင်းနှင့် မေ့ပျောက်မထားသင့်ကြောင်း တောင်းဆိုလိုက်သည့် တရားမျှတမှုဆိုင်ရာ တိုက်ပွဲတစ်ခုလည်း ဖြစ်ပေတော့သည်။

News Ref: SOMO

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article