ရန်ကုန်၊ ဧပြီ ၉
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိ ခိုက်သေဆုံးမှုများရှိကြောင်း အမှတ် ၉၀၂ တပ်ရင်း (People’s Defense Force – Natmauk) ထံမှ သိရသည်။
ဧပြီလ ၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၇) မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာအကြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အမှတ် ၉၀၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက “ကပစ ၁၇ မှ ထွက်လာတဲ့ စစ်ခွေး အင်အား ၁၀၀ ဝန်းကျင်ရှိတယ်။ စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ စစ်ခွေး စစ်ကြောင်းက ဘယ် ကို ပြန်ဆုတ်သွားလဲဆိုတော့ လောလောဆယ်တော့ မြို့နယ်ထဲမှာ ပတ်ထိုးနေတုန်းပဲ။ မြို့သစ်မြို့နယ် အစပ်ရွာတွေကို စစ်ကြောင်း ပြန်ထိုးနေတယ်။ စစ်ခွေးတွေဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိဘူး။ ခွေးအင်အားများပြီး ကိုယ်ဘက်က ခဲယမ်းမပြည့်စုံတော့ ပျောက်ကြားတိုက်ခိုက်မှုပဲ လုပ်နိုင်တယ်”ဟု ရှင်းပြသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးရဲဘော်များမှာမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြသည်။
သို့သော် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက အမှတ် ၉၀၂ တပ်ရင်း၏ လုံခြုံရေးကင်းစခန်းတစ်ခုကို မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှုကို အမှတ် ၉၀၂ တပ်ရင်းနှင့် ဗျူဟာအမှတ် ၁၇ လှုပ်ရှားစစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ People’s Defense Force – Natmauk အဖွဲ့အနေဖြင့် စီမံမှုအားနည်းချက်များကြောင့် ဆုံးရှုံးခဲ့ရသည်များကို သင်ခန်း စာယူကာ ယခုဆုံးရှုံးမှုအတွက် အားပြန်ဖြည့်၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း အသိပေး ထုတ်ပြန်ထားသည်။





