33 C
Yangon

ကနီနယ်၊ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော စစ်တပ် ရေယာဥ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်းသေဆုံး၊ စစ်ကူလာသော စစ်တပ် ရေယာဥ် ၁ စီး ကြားဖြတ် တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်​ကြောင်း အတိုင်းဆန်တက်လာ​သော စစ်တပ် ရေယာဥ် အုပ်စုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နွေဦးပြောက်ကျားတပ်စု ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် အမြန်ယာဥ်နှင့် ဖလက်များကို Spring Guerrilla Platoon (​နွေဦး​ပြောက်ကျားတပ်စု)နှင့် ညီ​နောင်မဟာမိတ်များ၊ ​ဒေသခံ မဟာမိတ်များပူး​ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅​ ဦး ထက်မနည်း​သေဆုံးကာ ​​ဖလက်ခွံ ၁ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ချင်းတွင်းမြစ်အတွင်း ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရသော စစ်တပ် ရေယာဥ် အုပ်စုထံ စစ်ကူလာသော အကြမ်းဖက် စစ်တပ် ရေယာဥ် ၁ စီးကို ဇူလိုင်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် CHINDWIN GZ တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း တပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ စစ်ကူလာသော စစ်တပ် ရေယာဥ်သည် ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် အထိနာကာ စစ်တပ် ရေယာဥ် အုပ်စုထံ သွားရောက်နိုင်ခြင်း မရှိဘဲ မင်းထောင့်ဘက်သို့ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

” ၁၈ ရက်နေ့က မင်းထောင့်ကနေ ဆန်တက်လာတဲ့ ရေယာဥ် အုပ်စု ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး အထိနာနေလို့ အင်အားဖြည့်ဖို့ ည ၈ နာရီလောက်မှာ ဆန်တက်လာပြီး စစ်ကူလာတဲ့ အကြမ်းဖက် စစ်ခွေး ရေယာဥ် ၁ စီးကို ကျွန်တော်တို့ CGDF က ကမ်းပြို အရောက်မှာ စတင်တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေ အထိနာပြီး ၁၁ နာရီခန့်မှာ မင်းထောင့်ဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်” ဟု CGDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ရေယာဥ် အုပ်စုကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ဗိုလ်နှုတ်ခမ်းမွှေးနှင့် ရဲဘော်များ အဖွဲ့၊ Chindwin GZ အဖွဲ့နှင့် ရွှေဒေါင်းရင်အဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင် KLG PDF(ကျောက်လုံးကြီး)၊ MPDF၊DBTFအဖွဲ့၊ Explosive Weapons Production _Y.M.Kအဖွဲ့၊ Spring Gurellia Platoonအဖွဲ့၊ Alphaအဖွဲ့၊ ရတနာပုံမြို့ပြအဖွဲ့၊ ချိုမိုင်မိုင်အဖွဲ့၊ ဒေါင်းနီအဖွဲ့၊‌ ‌ရွှေတြိဂံအဖွဲ့၊ ရက္ခညီ‌နောင်အဖွဲ့၊ အမိမြေအဖွဲ့၊ ဆရာစံအဖွဲ့၊ Young Rangers Force၊ ဒေါင်းသွေးနီအဖွဲ့၊ အလင်းစေတမန်အဖွဲ့၊ ကနီမြို့နယ် ပကဖအဖွဲ့နှင့် ကနီယင်းမာပင် မဟာမိတ် တပ်ပေါင်းစုတို့က ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ထက်မနည်းသေဆုံးကာ စစ်သား အလောင်းများပါ ချင်းတွင်းမြစ်အတွင်း မျောပါလာကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article