32 C
Yangon

၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် ၉၀၀ နီးပါးခန့် ပင်လယ်ပြင်တွင် ပျောက်ဆုံး (သို့မ ဟုတ်) သေဆုံးမှုအများဆုံး စံချိန်တင်ဟု ကုလသမဂ္ဂက ထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၁၈

၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် ၉၀၀ နီးပါးခန့် ပင်လယ်ပြင်တွင် ပျောက်ဆုံး (သို့မ ဟုတ်) သေဆုံးမှုအများဆုံး စံချိန်တင်သွားကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။

၂၀၂၅ ခုနှစ်အတွင်း ကပ္ပလီပင်လယ် (Andaman Sea) နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၉၀၀ နီးပါးခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း၊ ယင်းမှာ ဒေသတွင်းသမိုင်းတစ်လျှောက် ပင်လယ်ပြင်ခရီးစဉ်များတွင် သေဆုံးမှုအများဆုံးနှစ်အဖြစ် စံချိန်တင်သွားခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ တွင် ကြေညာသည်။

UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ Babar Baloch က ဂျီနီဗာမြို့တွင် ပြောကြားရာ၌ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၅,၀၀၀ ခန့် ပင်လယ်ပြင်တွင် ရေနစ်သေဆုံးခဲ့ရသည်ဟု ယုံကြည်ရကြောင်း ၊ ဝမ်းနည်းစရာကောင်းသည်မှာ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့သည် မျှော်လင့်ချက်မဲ့နေသော ရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာအတွက် အမှတ်အသားမရှိသော သင်္ချိုင်းဂူကြီးများ ဖြစ်နေရကြောင်း မှတ်ချက်ပြု ပြောဆိုသည်။

စာရင်းဇယားများအရ ၂၀၁၂ ခုနှစ်မှစ၍ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၂၀၀,၀၀၀ နီးပါးသည် နှိပ်စက်ညှဉ်း ပန်းမှုများနှင့် ဆင်းရဲတွင်းမှ လွတ်မြောက်ရန် ပင်လယ်ပြင်ခရီးစဉ်များကို အသက်စွန့်၍ သွားလာနေရသည်။

အထူးသဖြင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဖြစ်စဉ်မှာ ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲများက “လူမျိုးစုလိုက် သုတ်သင်မှု၏ ပြယုဂ်တစ်ခု” အဖြစ် တင်စားခဲ့ရသည့်အထိ ဆိုးရွားခဲ့သည်။

ယခု ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်ကမ်းလွန် ပင်လယ်ပြင်တွင် ဧပြီလ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော သင်္ဘောမှောက်မှုအတွင်း ရိုဟင်ဂျာရာပေါင်းများစွာ ပျောက်ဆုံးနေပြီး သေဆုံးသွားပြီဟု ယူဆရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Babar Baloch က ဒုက္ခသည်အများစုသည် ဂုဏ်သိက္ခာရှိစွာနှင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လိုကြသော်လည်း မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် နိုင်ငံသားဖြစ်ခွင့် မျှော်လင့်ချက်မရှိခြင်းတို့ကြောင့် ဒုက္ခသည်များအတွက် ရွေးချယ်စရာ လမ်းစမရှိသလောက် ဖြစ်နေကြောင်း အလေးပေးပြောကြားသည်။

“ဘယ်သူမှ ကိုယ့်မိသားစုကို အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းလွန်းတဲ့ ဒီလိုအန္တရာယ်ရှိတဲ့ စက်လှေတွေပေါ် မတင်ချင်ကြပါဘူး။ ဒါဟာ မျှော်လင့်ချက်မဲ့နေတဲ့ စိတ်ပျက်အားငယ်မှုကြောင့်သာ ဖြစ်ရတာပါ။ မျှော်လင့်ချက်မရှိတော့ဘူးဆိုရင် နောက်ထပ် လူပေါင်းများစွာ အသက်ဆုံးရှုံးရမှာကို စိုးရိမ်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

UNHCR အနေဖြင့် ၂၀၂၅ ခုနှစ်၏ စံချိန်တင် သေဆုံးမှုနှုန်းကို ထုတ်ဖော်ပြခြင်းဖြင့် ကမ္ဘာကြီးက ရိုဟင်ဂျာဒုက္ခသည်များ၏ ခံစားချက်ကို နားလည်လာစေရန်နှင့် ၂၀၂၆ ခုနှစ်သည် နောက်ထပ် သေဆုံးမှုများသောနှစ် ဖြစ်မလာစေရန်အတွက် နိုင်ငံတကာမှ အဖြေရှာပေးရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article