ရန်ကုန်၊ ဧပြီ ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးသွားကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့ နံနက် ၄ နာရီအချိန် စစ်တပ်က ဖားကန့်မြို့နယ်၊ လုံးခင်းဒေသဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ စစ်ကြောင်းထိုးစဉ် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် လုံးခင်းကျေးရွာအုပ်စု၊ မလန်းရွာသို့ ကျရောက်ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း၊ ယမန်နေ့ညပိုင်းကလည်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကချင်အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း၊ လက်ရှိအချိန်အထိ တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
“လုံးခင်း၊ မလန်းဘက်မှာ စစ်တပ်က စစ်ကြောင်းထိုးနေတာ။ ဒီနေ့ မနက်အစောကြီး စစ်ကြောင်းထိုးပြီးတော့ လက်နက်ကြီးနဲ့ပစ်တာ။ အဲဒီမှာ အသက် ၄ နှစ်အရွယ်ကလေးငယ် သေတယ်။ နောက်တစ်ခါ မနေ့ည ၁၀ နာရီမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာမှာ ဆိုင်းတောင် မော်လကင်ဘက်ကချင်ရိုးရာထဲကို လက်နက်ကြီးကျတာ။ အဲဒီမှာက အမျိုးသား ၁ ဦး သေဆုံးတယ်။ အခုထက်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ” ဟု ဖားကန့်ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
ဖားကန့်ဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းအဖွဲ့များက မရှီကထောင် (Mashi Kahtawng) ရှိ ဆုတောင်းတောင်စခန်းကို သိမ်းပိုက်ပြီးနောက် နမ့်ပစ် (Namhpyit)၊ မော်စီဇာ (Maw Si Za) နှင့် မလန်ဒန် (Malang Dung) ဘက်သို့ စစ်ကြောင်းထိုး လှုပ်ရှားနေကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က ဆိုင်းတောင် (Seng Tawng) ဘက်သို့ ဝင်ရောက်နိုင်ရန် အပြင်း အထန် ကြိုးပမ်းနေသည့်အတွက် ဖားကန့်ဒေသအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်မည့် အခြေ အနေရှိနေကြောင်း သိရှိရသည်။
လတ်တလော စစ်တပ်က လေကြောင်းဖြင့် ဖားကန့်ဒေသသို့ ကင်းထောက်မှုများ ရှိနေပြီး လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ရှိလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် တော်လှန်ရေး သတင်းရင်းမြစ်တချို့က သတိပေးထားသည်။






