ရန်ကုန်၊ ဇူလိုင် ၂၁
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဇူလိုင်လ ၁၉ ရက် တစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၄ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် မုံရွာမြို့မှ ချောင်းဦးမြို့ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၂၀ ခန့်နှင့် စစ်ကား ၁ စီး ပါသည့် တပ်ဖွဲ့ကို ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင် ချောင်းဦး PDF တပ်ခွဲ ၁ နှင့် တပ်ခွဲ ၄ က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး စစ်ကားမှာ ပျက်စီးသွားခဲ့ပြီး ကရိန်းကားဖြင့် ဆွဲယူသွားကြောင်း ဒဏ်ရာရစစ်သားများကို လူနာတင်ယာဉ် ၂ စီးဖြင့် လာရောက်သယ်ယူသွားကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၉ ရက် နေ့လယ်ပိုင်းတွင် အောင်ချမ်းသာဇရပ်ပေါ်၌ စစ်သား ၆ ဦး အနားယူနေစဉ် ချောင်းဦး PDF တပ်ခွဲ ၄ က မိုင်းခွဲတိုက်ခိုက်ရာ ၆ ဦးစလုံး သေတုံးခဲ့ပြီး အနီးဝန်းကျင်ရှိ စစ်သား ၁၀ ဦးခန့်က အဆိုပါ အလောင်းများထံမှ လက်နက်များ လာရောက်ကောက်ယူစဉ် ထပ်မံမိုင်းခွဲခံရမှုကြောင့် စစ်သား ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ချောင်းဦး PDF က ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းမြို့မှ မုံရွာဘက်သို့ ထွက်ခွာလာသော စစ်ကား ၁၄ စီးကို ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင် တပ်ခွဲ ၄ က ထပ်မံ မိုင်းခွဲ တိုက်ခိုက်ရာ စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို မသိရှိရသေးကြောင်း၊ အနီးဝန်းကျင်တွင် သွေးကွက်များနှင့် ကားမှန်ကွဲ အပိုင်းအစများကို တွေ့ရကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဓါတ်ပုံ – စစ်သားများ အနားယူခဲ့သော အောင်ချမ်းသာဇရပ်