ရန်ကုန်၊ ဧပြီ ၂၃
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အသက် ၈၀ ကျော်အရွယ် အဖွားအို ၁ ဦး သစ်ပင်ပိ၍ သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ရေဦးမြို့နယ် အနောက်ခြမ်းဇုံ သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရေဦးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် မီးမောင်းကုန်းကျေးရွာမှ အသက် ၈၀ ကျော် အဖွားအို ၁ ဦး နေအိမ်ပြိုကျ၍ ထွက်ပြေးစဥ် သစ်ပင်ပိပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စာသင်ကျောင်းနှင့် နေအိမ်များလည်း ပျက်စီးမှုရှိကြောင်း သိရသည်။
လက်ရှိချိန်တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ်များနှင့် စာသင်ကျောင်းများ ပြန်လည် ပြင်ဆင်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“မနေ့က ၂၂ ရက်နေ့ ညနေပိုင်းမှာ ရေဦးမြို့နယ်အတွင်း လေပြင်းတွေတိုက်ခတ်သလို မိုးလည်း ပြင်းထန်ခဲ့တယ်။ မြို့နယ်အတွင်းရှိကျေးရွာတချို့မှာ နေအိမ်တွေ ပြိုကျပျက်စီးတာတွေ သစ်ပင်သစ်ကိုင်းတွေကျိုးကျ ပျက်စီးတာတွေဖြစ်ခဲ့သလို စာသင်ကျောင်းတွေပါ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်။ ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင်အတွက်ရော ပြန်လည်ထူထောင်ဖို့ အကူညီတွေလိုအပ်နေကြတယ်။ နောက်ပြီး မီးမောင်းကုန်းကျေးရွာက အသက် ၈၀ ကျော် အဖွားအိုတစ်ဦးလည်း နေအိမ်ပြိုကျလို့ ထွက်ပြေးတာ သစ်ပင်ပိပြီး သေဆုံးခဲ့ရတယ်” ဟု ရေဦးမြို့နယ် အနောက်ခြမ်းဇုံ သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။
အလားတူ ဧပြီလ ၁၇ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ချောင်းဝရွာ၊ မြို့ကိုင်ရွာနှင့် ကွပ်သစ်ရွာတို့မှ နေအိမ် ၂၈၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။






