ရန်ကုန်၊ ဧပြီ ၂၃
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် သတွဲမြို့နယ်တို့ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၁ မိနစ်နှင့် ၃၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် ကျောက်တော်မြို့နယ်၊ ပီချောင်းအတွင်းရှိ အာကာတောင်အနီးတဝိုက်ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ ယနေ့ ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ် ခန့်တွင်လည်း သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဇီးဖြူကုန်းရပ်ကွက်အတွင်းကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်သော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ပီချောင်း ထဲက အာကာတောင် အနီးတဝိုက်ကို လာပစ်တယ်လို့ပဲသိရတယ်။ ကျောက်တော်မြို့နယ်ထဲကပါ။ ထိခိုက်မှုအခြေနေကတော့ မရှိလောက်ဘူး။ တောတောင်ဆိုတော့ ထိခိုက်တာ ပျက်စီးတာရှိရင် သိရလောက်ပါပြီ။ သံတွဲနယ် ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်ကိုလည်း ဒီနေ့ နေ့လည်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုများ ၃ကြိမ် ပြုလုပ်သွားတယ်ကြားတယ်။ ထိခိုက်မှုတွေတော့ရှိနိုင်တယ် အတိအကျတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ ပြည်သူများနေထိုင်ရာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဘာသာရေးအဆောက်အအုံများအပြင် လမ်း၊ တံတားများကိုပါ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ယခုရက်သတ္တပတ်အတွင်း ဆက်တိုက် လုပ်ဆောင်နေကြောင်း AA က ထုတ်ပြန်ထားသည်။




