ရန်ကုန်၊ ဧပြီ ၂၃
ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိကာ တော်လှန်ရေးတပ်များ ထပ်မံတိုက်ခိုက်မည်ကို ကြောက်လန့်၍ စစ်တပ်က ဝါးတံတားများကို လိုက်လံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းအရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၂၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ဝေါမြို့နယ် စက်စုရွာ၊ ဆင်ရွာနှင့် ညောင်လေးပင်မြို့နယ်၊ အရိုင်းကုန်းရွာ အစပ်မှာ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေးတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကာ၊ သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။
“KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက စစ်ခွေးတွေ ကာကင်းဝပ်နေတာကိုဝင်ပစ်တာ စစ်ခွေး ၃ ကောင်သေပြီး ၂ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်။ သူတို့ အယောက် ၂၀ ဝန်းကျင်လောက်ရှိမယ် အာလုံးပေါင်းလိုက်ရင်ပေါ့။ နောက်ပြီး ဆင်ရွာအုပ်ကြီးပါ ပါတယ်ပြောတယ်။ သူလည်း ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ PDF တပ်ဖွဲ့ဘက်က လက်နက် ၄ လက် သိမ်းဆည်းရမိတယ်။ လက်ရှိမှာတော့ မဆုတ်သေးဘူး။ ဆင်ရွာတို့ စက်စုရွာတို့ သူရဲသူမိန်ရွာတို့ မှာ စစ်ခွေးတွေ ရှိနေတယ်” ဟု ဒေသ တော်လှန်ရေး သတင်းအရင်းမြစ်က ပြောဆိုသည်။
ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်သားများက တော်လှန်ရေးတပ်များ ထပ်မံ တိုက်ခိုက်မည်ကို ကြောက်လန့်၍ ဆင်ရွာနှင့် ဂျိုးလေးရွာကို ဆက်သွယ်ထားသော ဝါးတံတားနှင့် ကျိုက်မရမ်း လယ်သမားဝါးတံတားများကို လိုက်လံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“တိုက်ခိုက်မှုဖြစ်ပြီး နောက်တစ်နေ့ ညမှာတော့ စစ်ခွေးတွေက ဆင်ရွာနဲ့ ဂျိုးလေးရွာ ဆက်သွယ်ထားတဲ့ တံတားနဲ့ ကျိုက်မရမ်းလယ်သမား ဝါးတံတား တွေကို မီးရှို့ဖျက်ဆီးလိုက်တယ်။ PDF တွေထပ်ဝင်လာရင် အလွယ်တကူ ဝင်လို့မရအောင် လုပ်တဲ့သဘောပဲ ထပ်ပြီးတိုက်ခိုက်ခံရမှာကို ကြောက်လန့်နေတာ အဲ့တံတားတွေကလည်း ပြည်သူလူထုက ဆောက်ထားတဲ့ တံတားပဲ” ဟု ဒေသ တော်လှန်ရေး သတင်းအရင်းမြစ်က ဆက်လက် ပြောဆိုသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ဆင်ရွာနှင့် ဂျိုးလေးရွာကို ဆက်သွယ်ထားသော ဝါးတံတား




