ရန်ကုန်၊ ဧပြီ ၂၈
အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင် ခရိုနီ တေဇနှင့်ထူးကုမ္ပဏီကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ယနေ့ ကြေညာသည်။
ဧပြီလ ၄ ရက်နေ့မှစတင်ပြီး စစ်တပ်က ပို့ကုန်ရငွေ နိုင်ငံခြားငွေများ ပေးသွင်းခြင်းမရှိသော စီးပွားရေသမားများနှင့်ကုမ္ပဏီ ၂၈၇ ခုကို အမည်ပျက်စာရင်း ကြေညာခဲ့ရာတွင် ထူးကုမ္ပဏီ၏ ဒါရိုက်တာများဖြစ်သော ခရိုနီတေဇ၊ သားပြည့်ဖြိုးတေဇ၊ မိုးသက်တင်၊ သီဟ၊ ရာဇာထွေးတို့ကို နာမည်ပျက်စာရင်း ကြေညာခဲ့ပြီးနောက် ဧပြီလ ၂၇ ရက်နေ့တွင် စစ်တပ်က အမည်ပျက်စာရင်းမှ ပြန်လည် ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။
ခရိုနီတေဇပိုင် ထူးကုမ္ပဏီက တင်ပို့လိုက်သော ပြည်တွင်းပို့ကုန်တချို့အတွက် ပေးချေသော နိုင်ငံခြားငွေမှာ စီးပွားရေး ပိတ်ဆို့ခံရ၍ ငွေများ အပိတ်ခံလိုက်ရကြောင်း၊ ထို့ကြောင့် ထူးကုမ္ပဏီက စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်ထဲသို့ ငွေ အလွှဲအပြောင်းမလုပ်နိုင်ခဲ့ကြောင်း၊ ယခုအခါ ယင်းငွေကို စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်သို့ ပြန်လည် ပေးသွင်းပြီးဖြစ်ကြောင်း ထူးကုမ္ပဏီဘက်က ဖြေရှင်းချက်ထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်က ခရိုနီတေဇပိုင် ထူးကုမ္ပဏီ အပါအဝင် ပို့ကုန်ရငွေကြွေးကျန် အပြည့်အဝ ပြန်လည်ပေးသွင်းပြီးသော ကုမ္ပဏီ ၁၇ ခုကို အမည်မည်းစာရင်း (Black Lists) ပယ်ဖျက်ခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးထားခြင်းတို့မှ ပယ်ဖျက်လိုက်ကြောင်း ယမန်နေ့ ထုတ်ပြန်ကြေညာသည်။
အကြမ်းဖက်စစ်တပ်က ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ ၂၈ ခုအားလည်းကောင်း၊ ၂ဝ၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ များအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ ၅၅ ခုအားလည်းကောင်း၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီ ၁၉၇ ခုအားလည်းကောင်း၊ ၁-၁-၂၀၂၁ ရက်နေ့မှ ၃၁-၃-၂၀၂၅ ရက်နေ့အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ ၂၈၇ အား လည်းကောင်း အမည်မည်းစာရင်း (Black Lists) ထည့်သွင်းပြီး မြန်မာပြည် ဝင်/ထွက်ခွင့် ပိတ်ပင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ နိုင်ငံခြားငွေပမာဏ၏ ၁၅ ရာခိုင်နှုန်း ကို စစ်တပ်လက်အောက်ခံ ဘဏ်များထံသို့ အပ်နှံပြီး မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် စစ်တပ်က ယခုနှစ် ဇန်နဝါရီလအတွင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။




