ရန်ကုန်၊ ဧပြီ ၃၀
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-တောင်တွင်းကြီး လမ်းပိုင်းတွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရန်ကုန်-တောင်တွင်းကြီး လမ်းပိုင်းရှိ အောင်လံဘက်မှ တောင်တွင်းကြီး-ဆတ်သွား ဘက်သို့ လက်နက်ခဲယမ်းများနှင့် စစ်သားလိုက်ပါလာသည့် စစ်ကား ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ကိုးပင်ကျေးရွာနှင့် ဆတ်သွား ကျေးရွာအကြားတွင် ပဒေသာမိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး အပြင်းအထန် ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို ပရပ်ကြယ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။
“စစ်ခွေးတွေသေဆုံးတာများတယ်။ ဒဏ်ရာရတဲ့ထဲမှာ ပြင်းထန်တဲ့ ကောင်တွေလည်း ပါဝင်ပါတယ်။ သေစာရင်းကိုတော့ ကျနော်တို့ ဆက်လက် အတည်ပြုနေပါတယ်။ အခုဒဏ်ရာရတဲ့ စစ်ခွေးတွေပရပ်ကြပ်တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသနေတယ်လို့ သိရတယ်။ အောင်လံဘက်ကနေ တောင်တွင်းကြီး-ဆတ်သွား ဘက်ကို စစ်ခွေးတွေက လက်နက်ခဲယမ်းတွေသယ်လာတာ စစ်ခွေးတွေလည်း ကားထဲမှာ လိုက်ပါလာတယ်။ ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ” ဟု ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်တွင်းကြီး )နှင့် မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးထိခိုက်သေဆုံးခဲ့ကြောင်း YGFအမှတ်(၈၀၀၁)တပ်ရင်း မှ ရဲဘော်စောခေတ်သစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့တွင် ရေးမြို့နယ်၊ အောင်သာယာကျေးရွာကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦး ထိခိုက်သေဆုံးပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“ရေးမြို့နယ် မြောက်ပိုင်း၊ အောင်သာယာကျေးရွာ တောင်ဘက်၊ ရော်ဘာတောထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေး အင်အား ၁၀၀ ဝန်းကျင်ရှိတယ်။ စစ်ခွေး စစ်ကြောင်းက ဘယ်ကနေ ထွက်လာတဲ့ဆိုတော့ ခမရ၅၈၈၊ အမတ၃၁၇၊ ခလရ၁၀၆ တို့ ပူးပေါင်းပြီးတော့ ထိုးလာတဲ့စစ်ကြောင်းပါ။ စစ်ခွေးသေစာရင်းကတော့ လောလောဆယ်ကတော့ အတိအကျမသိရသေးဘူး။ ကျွန်တော်တို့ စုံစမ်းဆဲဖြစ်နေလို့ပါ။ ထိခိုက်သေဆုံးမှုကတော့ ဆယ်ကျော်တယ်။ စစ်ခွေး သေစာရင်း ခန့်မှန်းခြေ ၁၀ ဦး ထိခိုက်သေဆုံးမှုရှိတယ်လို့သိရတယ်။ ရှေ့ထွက်မိုင်း ၁လုံးခွဲပြီး ၄၀ မမ လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးဘက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး” ဟု YGFအမှတ်(၈၀၀၁)တပ်ရင်း မှ ရဲဘော်စောခေတ်သစ်က ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို YGF အမှတ် (၈၀၀၁)တပ်ရင်း ၊ RMA (၉၀၁)တပ်ရင်း၊ MSRF တပ်ရင်း ၊ MBA တပ်ဖွဲ့ ၊ နည်းဗျူဟာ-၃၃ ၊အမှတ်(၈၀၀၁) ချေးမှုန်းရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




