23 C
Yangon

ဂျပန်က အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှင်ဇိုအာဘေးရဲ့ ဈာပနပွဲ တက်ရောက်ရန် ဖိတ်ကြား

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနသို့ တက်ရောက်ရန် မြန်မာအကြမ်းဖက် စစ်ကောင်စီအား ဖိတ်ကြားခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ပြောကြားလိုက်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဘေး၏ နိုင်ငံတော်ဈာပန အခမ်းအနားနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပါအဝင် သံတမန်ဆက်ဆံရေး ရှိသည့် နိုင်ငံပေါင်းများစွာထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အကယ်၍ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနှင့် စျာပနအခမ်းအနားသို့ တက်ရောက်ရန် ဆုံးဖြတ်ပြီး ဂျပန်နိုင်ငံက ခွင့်ပြုခဲ့မည်ဆိုပါက ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တစ်ယောက်အနေနှင့် ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်လာမည်လည်း ဖြစ်သည်။

“စစ်တပ်က မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေချိန်မှာ အခုလို စစ်ကောင်စီကို ဂျပန်နိုင်ငံကို ဖိတ်ခေါ်တာက ဂျပန်ရဲ့ ကိုယ်တိုင်ကြွေးကြော်ထားတဲ့ လူ့အခွင့်အရေးအခြေခံတဲ့ သံတမန်ဆက်ဆံရေးအပေါ် သစ္စာဖောက်လိုက်ခြင်းပါပဲ” ဟု Human Rights Watch ၏ အာရှအစီအစဉ် အရာရှိ Teppei Kasai က ပြောကြားခဲ့သည်။

“ဂျပန်အစိုးရအနေနဲ့ ဖိတ်ကြားထားမှုကို ချက်ချင်း ရုပ်သိမ်းသင့်ပါတယ်၊ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ဒါလုပ်ရပ်ဟာ လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မတရားချုပ်နှောင်မှုနဲ့ မုဒိမ်းမှု အပါအဝင် မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်ဆိုင်ရာ အစွန်းအထင်းတွေကို ခဝါချပေးရာ ရောက်ပါလိမ့်မယ်” ဟု ၄င်းကဆက်လက်ပြောဆိုခဲ့သည်။

မြန်မာစစ်တပ်နှင့် ဂျပန်အစိုးရတို့သည် ၂ဝ၁၅ ခုနှစ်တွင် စတင်ခဲ့သော မြန်မာစစ်တပ် ဗိုလ်လောင်းများနှင့် အရာရှိများအား ဂျပန်နိုင်ငံတွင် လေ့ကျင့်သင်ကြားပေးမှုများ အပါအဝင် အာဏာသိမ်းမှုမတိုင်မီ ကာလကြာမြင့်စွာကတည်းက နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင်လည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်သင်တန်းတက်ရောက်ရန် မြန်မာစစ်ဗိုလ်လောင်းနှင့်အရာရှိ ၈ ဦးအား ဂျပန်ကလက်ခံခဲ့သည်။ စီးပွားရေးမျက်နှာစာတွင်လည်း ဂျပန်အစိုးရသည် စစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်နေသည့် အငြင်းပွားဖွယ် Y-Complex စီမံကိန်းအပါအဝင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန် ဂျပန်ပုဂ္ဂလိကကဏ္ဍနှင့် လက်တွဲလုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article