ရန်ကုန်၊ မေ ၁၂
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ ၁၆ တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သားရုပ်အလောင်း ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဥသျှစ်ပင်မြို့ရှိ သုသာန်၌ ညအချိန် ခိုးကြောင်ခိုးဝှက် မီးသဂြိုဟ်ခဲ့ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
မေလဆန်းပိုင်းမှစတင်၍ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာရှိ ကပစ ၁၆ အနီးရှိ ဗျူဟာကုန်းနှင့် ကာကင်းစခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲအတွင်း AA ဘက်မှ ရုပ်အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သလို၊ ဒဏ်ရာများဖြင့် ဆုတ်ခွာသွားသည့် စစ်သားများထဲမှ နောက်ထပ် ၂၀ ကျော်မှာလည်း ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။
“ကပစ ၁၆ အနီးတိုက်ပွဲများမှာ ဒဏ်ရာတွေနဲ့ ပြန်ဆုတ်ရတဲ့ စစ်ခွေးတွေထဲက ၂၀ ကျော် ထပ်သေဆုံးလို့ ၉ ရက်နေ့ညမှာ စစ်ခွေးတွေက ရုပ်အလောင်းတွေကို ဥသျှစ်ပင်မြို့က အေးသုခသုသာန်မှာ လာပြီး မီးသဂြိုဟ်သွားတယ်”ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က ကပစ ၁၆ မကျဆုံးစေရန် စကခ ၁၀ လက်အောက်ခံ တပ်ရင်းများအပြင် စစ်မှုထမ်း တပ် သားသစ်များကိုပါ အမြောက်အမြား အသုံးပြုနေရပြီး တပ်ပြေးများပါ လိုက်လံဖမ်းဆီးနေကြောင်း ၊ ထို့ပြင် ဥသျှစ်ပင်မြို့အနီးရှိ ကပစ ၆ နှင့် ဒုံးတပ်တွင်လည်း တာဝေးပစ်လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်နေကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်တွင် စစ်ကြောင်းထိုးလာသည့် အင်အား ၃၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့သည်။
ဧပြီလ ၂၄ ရက်နေ့က တပ်မ ၁၀၁ မှ ထွက်လာသည့် အဆိုပါစစ်ကြောင်းကို ညောင်ပင်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“စစ်ခွေး ၆ ကောင်ကတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်။ မီတာ ၇၀ အတွင်း ကပ်ပစ်ရတာ။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတော့ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော် ၂ ဦးလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားစစ်ကြောင်း (၄)၊ PLA၊ ပခုက္ကူပကဖ နှင့် ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။







