ရန်ကုန်၊ မေ ၁၂
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၄၀ ကျော်မှ ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်တွင် ကနီမြို့နယ်၊ ညောင်သူများရွာ အနီးရိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ တောတဲများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ည ၁၁ နာရီကျော်ခန့်တွင်လည်း တံတားဦးလေတပ်မှတက်သော ဂျက်ဖိုက်တာ ၂ စီးက မင်းမရွာနှင့် သမင်ခြံရွာတို့ကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
မေလ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကနီမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ကနဲရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း၊ မေလ ၇ ရက်နေ့တွင် နံနက် ၁၀ နာရီခန့်တွင် မိတ္ထီလာလေတပ်မှ တက်သော ဂျက်ဖိုက်တာ ၁ စီးက ဝင်မနားရွာကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ မေလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ နမခ မှ တက်လာသော အသေခံဒရုန်း ၂ စီးသည် စစ်ဘေးရှောင် ပြည်သူများကို ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၂၇ နှစ်အရွယ် စစ်ရှောင် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိကာ ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရှိရသည်။
မေလ ၉ ရက်နေ့တွင် မွန်းလွဲ ၁၂ နာရီ ကျော်ခန့်တွင် မုံရွာ နမခ မှ တက်လာသော အသေခံဒရုန်း ၂ စီးသည် ကနီ-မင်းကင်း လမ်းပိုင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီ ကျော်ခန့်တွင်လည်း တံတားဦး လေတပ်မှတက်သော ဂျက်ဖိုက်တာ ၁ စီးသည် ကနီ-မင်းကင်း လမ်းပိုင်းကို လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပြီး အသက် ၅ဝ နှစ် အရွယ် အမျိုးသမီး ၁ ဦး နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကနီမြို့နယ် အတွင်းကိုလည်း မေလ ၂၈ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၄၄ ခုမှ ပြည်သူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း၊ ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းရှိ ယာကြီးကျေးရွာအုပ်စုအတွင်း ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ကနီနယ်ထဲမှာ စစ်ခွေးစစ်ကြောင်းကော လေကြောင်း တိုက်ခိုက်တာကော ဆက်တိုက်လုပ်နေဆောင်နေပါတယ်။ အခုပြည်သူတွေက စစ်ခွေးစစ်ကြောင်း အန္တရာယ်ရော လေကြောင်း တိုက်ခိုက်တာတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်။ စားနပ်ရိက္ခာတွေလည်း လိုအပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
ထို့ပြင် ယင်းမာပင်ခရိုင်အတွင်း လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများကြောင့် ပြည်သူများအနေဖြင့် မုံရွာ – ယာကြီး – ကလေးဝလမ်း ၊ ညောင်ပင်ကြီး – ယင်းမာပင်လမ်း နှင့် ဖိုလ်ဝင်တောင် – ယင်းမာပင်လမ်း တို့ကို လုံးဝ (လုံးဝ) အသုံးမပြုကြရန်နှင့် အကြမ်းဖက် စစ်တပ်နှင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်ပြီး ထိတွေ့တိုက်ပွဲအတွင်း ရောက်ရှိသွားပါက ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တစ်စုံတစ်ရာ တာဝန်ယူပေးနိုင်မည် မဟုတ်ကြောင်း ယင်းမာပင်ခရိုင် ပကဖ ကလည်း အသိပေး ထုတ်ပြန်ထားသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံး နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မေလ ၇ ရက်နေ့တွင် အကြမ်ဖက် စစ်တပ်က သံဆိပ်မှနေပြီး ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ လက်ကောက်ဝ ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၄၂ နှစ်အရွယ် စောမောင်လှ ၊ အသက် ၂၅ နှစ်အရွယ် နော်စိုးမိုးနှင့် အသက် ၁၇ နှစ်အရွယ် နော်ရင်ကြည် တို့ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မေလ ၅ ရက်နေ့ တွင်လည်း ရွှေဝါတပ်ရင်းရှိ အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ လိမ်ပင်ဝဲ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် နှင့် ကျေးရွာဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင် ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေး ကြိုးပမ်း နေသော်လည်း ပကတိ မြေပြင် တွင်မှု အရပ်သားပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားကာ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက် ရှိပြီး စစ်ရာဇဝတ်မှု များအား ပြောင်ပြောင် တင်းတင်းချိုးဖောက်လျက်ရှိကြောင်း KNU က ပြောဆိုထားသည်။






