ရန်ကုန်၊ မေ ၁၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ စာသင်ကျောင်းနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
မေလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၄၇ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်၊ ပယာရော (မြစ်ကျိုး) ကျေးရွာအုပ်စုရှိ မြစ်ကျိုးကျေးရွာနှင့် လေးကေကျေးရွာ အကြားကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၁ လုံး ဗုံးစ ထိမှန်ပျက်စီးကာ လူထိခိုက်မှု ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ပြင် ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် တကူကျေးရွာ အထက်တန်းပြ စာသင်ကျောင်း အဆောက်အဦး ၂ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက အရပ်သားပြည်သူတွေကို ဦးတည်ပြီး လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ထိခိုက်တာမရှိဘူးလို့တော့ သိရတယ်။ တကူကျေးရွာ စာသင်ကျောင်းကတော့ အဆောက်အဦးတွေ အကုန်လုံးနီးပါးကို ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်သည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေသော်လည်း ပကတိမြေပြင်တွင်မှု အရပ်သားပြည်သူလူထုများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်း KNU က ပြောဆိုထားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသခြင်းထက်ပိုသော လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ကာ ယခုဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ထိရောက်သည့် တားဆီးကာကွယ်မှုများကို လုပ်ဆောင်ရန်နှင့် ထင်ရှားသည့် ဥပဒ ချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက်၍ နှုတ်ဆိတ်နေခြင်းသည် အကြမ်းဖက်မှုများ ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေရန်အတွက် အားပေးကူညီရာရောက်မည်ဖြစ်ကြောင်း KNU က အသိပေးပြောဆိုထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာလို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိ၊မရှိကို တော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






