27 C
Yangon

အကြမ်းဖက်စစ်တပ်၏ သတင်းအချက်အလက်စစ်ဆင်ရေးနည်းနာများ

Must read

By နေဘုန်းလတ်

အကြမ်းဖက်စစ်တပ်ဘက်က ရုပ်ပိုင်းဆိုင်ရာစစ်ပွဲများအပြင် စိတ်ကိုပစ်သည့်စစ်များကိုလည်း တစိုက်မတ်မတ် ဆင်နွှဲနေသည့်အကြောင်းနှင့် စိတ်ဓာတ်စစ်ဆင်ရေး (Psychological Warfare) ဆိုက်ဝါးအကြောင်းကို ရှေ့တွင် ဆောင်းပါး (၂) ပုဒ် ရေးခဲ့ပြီးပါပြီ။ ဒီတစ်ခေါက်တော့ သတင်းအချက်အလက်စစ်ဆင်ရေးဟုခေါ်သည့် Information Warfare အကြောင်းကို လေ့လာမိသလောက် မျှဝေချင်ပါတယ်။

အကြမ်းဖက်စစ်တပ်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် “သတင်းလွှာ (Information Sheet) ထုတ်ပြန်ရေးနှင့် တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့” ဆိုပြီး ကာကွယ်ရေးဒုဝန်ကြီးက အဖွဲ့ခေါင်းဆောင်၊ တပ်မတော်လေ့ ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုအရာရှိချုပ်က အတွင်းရေးမှူး၊ ဒုရဲချုပ် (၁) က တွဲဖက်အတွင်းရေးမှူး လုပ်ပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့ပါသည်။

အဆိုပါအဖွဲ့၏ လုပ်ငန်းတာဝန် (၇) ခုထဲတွင် တော်လှန်ရေးအင်အားစုများကို သတင်းအချက်အလက်စစ်ဆင်ရေးပြုလုပ်ရန်ဆိုပြီး Information Warfare လုပ်မည့်အချက် ပါဝင်ပါသည်။ ဒီအဖွဲ့ဖွဲ့စည်းမှုတွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုအရာရှိချုပ်ကို အတွင်းရေးမှူးအဖြစ် ထားရှိခြင်းကို ကြည့်ခြင်းအားဖြင့်လည်း အဓမ္မစစ် သားစုဆောင်းခံထားရသည့် သူများကို လေ့ကျင့်သင်ကြားပေးသည့်နေရာတွင် ရုပ်ပိုင်းဆိုင်ရာစစ်ရေးလေ့ကျင့်မှုများတင်မကဘဲ သတင်းအချက်အလက်စစ်ဆင်ရေး၊ တစ်နည်းပြောရလျှင် သတင်းတု၊ သတင်းမှား ဖြန့်ချိရေးနှင့် စစ်ကျွန်ဝါဒ ထွန်းကားရေးအတွက် ဝါဒဖြန့်ချိရေးများအတွက်ပါ သင်ကြားပို့ချလေ့ကျင့်ပေးမည့် သဘောကို တွေ့ရပါသည်။

သတင်းအချက်အလက်စစ်ဆင်ရေး၏ ပစ်မှတ် ၂ ခု

————————————————-

သတင်းအချက်အလက်စစ်ဆင်ရေးဆိုသည်မှာ သတင်းအချက်အလက်ပိုင်းတွင် အသာစီးရရှိရန်အတွက် မိမိပေးလိုသည့် သတင်းအချက်အလက်ကို ကာကွယ်ရင်း ရန်သူ့သတင်းအချက်အလက်ကို ပုံဖျက်ခြင်းနှင့် ပေးပို့မှုစနစ်များကို ဖျက်ဆီးခြင်းလုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖတ်ရပါသည်။

ရန်သူ့တိုက်ခိုက်လိုစိတ်ကို ယုတ်လျော့စေရန် ရည်ရွယ်ပြီး ၎င်းတို့၏ ဆင်ခြင်စဉ်းစားမှုနယ်ပယ်နှင့် သတင်းအချက်အလက်စနစ်များကို ချိနဲ့ယိမ်းယိုင်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ဆက်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်ဖျက်ဆီးခြင်းသာမက ထင်မြင်ယူဆချက်များကို ပုံသွင်းခြင်း၊ ဆန့်ကျင်ဘက်အမြင်များကို အားကောင်းစေခြင်း၊ အဖွဲ့အစည်းအပေါ် ယုံကြည်မှုကို ယုတ်လျော့စေခြင်းလည်း ပါဝင်သည်ဟု ဆိုပါသည်။

ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်များကို ကြည့်မည်ဆိုလျှင် သတင်းအချက်အလက်စစ်ဆင်ရေး၏ ပစ်မှတ်သည် ရန်သူက ပေးနေသည့် သတင်းအချက်အလက်နှင့် အဆိုပါသတင်းအချက်အလက်များကို ရည်ရွယ်သူများထံ ရောက်ရှိအောင် ပေးပို့နေသည့် ယန္တရားများဆိုပြီး (၂) ခုစလုံးကို ဦးတည်သည်ဆိုတာ တွေ့ရပါသည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ ရန်သူဖြစ်သော တော်လှန်ရေးအင်အားစုများထံမှ ထုတ်လွှင့်သော သတင်းအချက်အလက်များကို ပစ်မှတ်ထားပြီး တိုက်ခိုက်သလို၊ တော်လှန်ရေးအင်အားစုများ၏ သတင်းအချက်အလက် ထုတ်လွှင့်ရာ လူပုဂ္ဂိုလ်များ၊ ယန္တရားများကိုလည်း ပစ်မှတ်ထားကာ ပုံဖျက်တိုက်ခိုက်တာမျိုးများကို လုပ်ဆောင်တတ်ကြသည်။

၁၉၉၉ ခုနှစ် ကိုဆိုဗိုစစ်ပွဲတွင် နေတိုးတပ်ဖွဲ့များသည် ဆာဗီးယားနိုင်ငံပိုင် ရုပ်သံလွှင့်အဆောက်အအုံများကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသည်။ ၁၉၆၈ ခုနှစ် ဗီယက်နမ်စစ်ပွဲတုန်းကလည်း ဗီယက်ကောင်းများသည် အမေရိကန်၏ “Voice of the Army” အမည်ရ ရေဒီယိုလွှင့်ရုံကို ညစစ်ဆင်ရေးတစ်ခုလုပ်ပြီး ရုတ်တရက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ဖူးပါသည်။

၂၀၀၆ ခုနှစ် လက်ဘနွန်စစ်ပွဲတုန်းကလည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည် ဟစ်ဇ်ဘိုလာတို့၏ Al-Manar ရုပ်သံလွှင့်စခန်းကို လေကြောင်းတိုက်ခိုက်မှုများအပြင် နည်းပညာတိုက်ခိုက်မှုများနှင့်ပါ တိုက်ခိုက်ခဲ့ကြဖူးပါသည်။ ဒါတွေဟာ သတင်းအချက်အလက်စစ်ဆင်ရေး (Information Warfare) ရဲ့ အစိတ်အပိုင်းတွေပါပဲ။

သတင်းလွတ်လပ်ခွင့်သည် အကြမ်းဖက်စစ်တပ်၏ ရန်သူ

———————————————————

ရန်သူ့တိုက်ခိုက်လိုစိတ်ကို လျော့ကျစေရန်နှင့် လူထု၏ နှလုံးသားနှင့်စိတ်ကို စိုးမိုးသိမ်းပိုက်နိုင်စေရန်အတွက် သေချာစီမံထားသည့် ဇာတ်ကြောင်းများ၊ သတင်းစကားများကို မြေပြင်တွင် လက်ကမ်းစာစောင်၊ စာရွက်များ ဖြန့်ဝေခြင်း၊ ဆိုင်းဘုတ်များ ထောင်ခြင်း၊ အင်တာနက်ကတစ်ဆင့် (သို့မဟုတ်) ရေဒီယိုလိုင်း၊ ရုပ်သံလိုင်းများကတစ်ဆင့် ရုပ်သံ၊ သီချင်း၊ ဇာတ်လမ်းတို၊ ဇာတ်လမ်းတွဲ၊ ကဗျာ စသည်တို့ ထုတ်လွှင့်ခြင်းများသည် မိမိဖြန့်ချိလိုသည့် သတင်းအချက်အလက်ကို နည်းလမ်းပေါင်းစုံဖြင့် ဦးတည်အုပ်စု (Target Audience) များထံ ပို့လွှတ်နေသည့် သတင်းအချက်အလက်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

ဒါတွေကို စနစ်တကျလုပ်နိုင်ဖို့အတွက် စစ်တပ်သည် ရုပ်သံလိုင်းများ၊ ရေဒီယိုလိုင်းများ၊ သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများအားလုံးကို ကိုယ်တိုင်လည်း ထုတ်လုပ်သည့်အပြင် လွတ်လပ်သည့် သတင်းမီဒီယာ၊ လွတ်လပ်သည့် ရုပ်သံလွှင့်ခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်များကိုလည်း မတရားဥပဒေများ ပြဋ္ဌာန်းပြီး ချယ်လှယ်ချုပ်ကိုင်ထားတာကို တွေ့ရပါလိမ့်မည်။

စစ်အာဏာသိမ်းရန် ကြိုးစားစဉ်ကာလတစ်လျှောက် လွတ်လပ်သည့် သတင်းမီဒီယာတိုက်များ ပိတ်သိမ်းခံရခြင်း၊ လိုင်စင်ပယ်ဖျက်ခံရခြင်းများအပြင်၊ သတင်းသမားများ ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများ အများအပြား ရှိနေခြင်းသည် အကြမ်းဖက်စစ်တပ်၏ သတင်းအချက်အလက်စစ်ဆင်ရေးတွင် အသာစီးရအောင် ကြိုးစားအားထုတ်မှုပင် ဖြစ်ပါသည်။

ပြီးခဲ့သည့် မေလ (၃) ရက်နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်ခဲ့သည့် လွတ်လပ်သော သတင်းမီဒီယာကောင်စီ (IPCM) ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ်၊ မေလအထိ မတရားဖမ်းဆီးခံရသူ သတင်းသမား (၂၀၀) ကျော် ရှိခဲ့ပြီး (၁၈) ဦးကတော့ လက်ရှိအချိန်အထိ မတရားဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟု သိရပါသည်။

သတင်းတု၊ သတင်းမှားများနှင့် ကောလဟာလများ

————————————————–

အကြမ်းဖက်စစ်တပ်က သတင်းအချက်အလက်စစ်ဆင်ရေးလုပ်သည့်အခါ အဓိကသုံးလေ့ရှိသည့် နောက်ထပ်နည်းနာတစ်ခုကတော့ သတင်းအမှန်များ၊ မှန်ကန်သည့်အချက်အလက်နှင့် အဖြစ်အပျက်များကို ဖုံးလွှမ်းသွားစေရန်နှင့် ရှုပ်ထွေးဝေဝါးသွားစေရန် သတင်းတုများ၊ သတင်းမှားများ၊ ကောလဟာလများ၊ တလွဲအတွေးဆီ တွန်းပို့သည့် သတင်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ချိသည့်နည်းနာ ဖြစ်ပါသည်။

ဒီလိုလုပ်ခြင်း၏ ရည်ရွယ်ချက်များထဲတွင် လူထုကြားထဲတွင် ဂယောင်ခြောက်ခြားများ ဖြစ်စေရန်၊ အတွေးအယူရှုပ်ထွေးမှုများကို ဖန်တီးရန်၊ ခေါင်းဆောင်မှုပိုင်းကို အယုံအကြည် ကင်းမဲ့စေရန် ဆိုတာမျိုးများ ပါဝင်ပါသည်။

ဥပမာအနေဖြင့် ပြောရမည်ဆိုလျှင် ပြီးခဲ့သည့် ဧပြီလ (၁၂) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို မတရားအကျဉ်းချထားရာကနေ မိသားစုထံ ပြန်ပို့ခဲ့ချိန်မတိုင်မီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်သည့် သတင်းအမှားများ၊ ကောလဟာလများကို အချိန်ကိုက် သူတို့ဖန်တီးထားသည့် လမ်းကြောင်းများကနေ လွှတ်ခဲ့သည်။

သိပ်မကြာခင် ကာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းချုပ်နှောင်သည့် ကိစ္စမှာလည်း အကြမ်းဖက်စစ်တပ်သည် သတင်းတု၊ သတင်းမှား၊ ကောလဟာလများစွာကို နည်းလမ်းပေါင်းစုံဖြင့် လွှတ်ခဲ့သည်။ ဒါတွေဟာ သတင်းအချက်အလက်စစ်ဆင်ရေး (Information Warfare) ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။

သတင်းအချက်အလက်များစွာဖြင့် ဗျာများစေခြင်း (Information Overload)

—————————————————————————–

အမေရိကန် ရုပ်သံတင်ဆက်သူ ခရစ်ဟားဝစ် (Chris Hardwick) ပြောခဲ့သည့် စကားတစ်ခွန်း ရှိပါသည်။ “ကျုပ်တို့က သတင်းအချက်အလက်ခေတ်ထဲမှာ မဟုတ်တော့ဘူး၊ သတင်းအချက်အလက်စီမံခန့်ခွဲမှုခေတ်ထဲကို​ ရောက်နေပြီဗျ။” တဲ့။ လမ်းကြောင်းများစွာကနေ ဝင်လာသည့် သတင်းအချက်အလက်တွေ များပြားရှုပ်ထွေးလွန်းနေသည့် မျက်မှောက်ကာလမှာ အဆိုပါသတင်းအချက်အလက်များကို ဘယ်လို စီမံခန့်ခွဲမလဲဆိုသည့် ကိစ္စက ပိုပြီး အရေးပါလာတာကို ဒီစကားက မီးမောင်းထိုးပြလိုက်သလိုပါပဲ။

ဘယ်သူမှ ဘာမှ မလုပ်ဘဲနှင့်ကို သတင်းအချက်အလက်များစွာက ကျွန်တော်တို့၏ မျက်စိရှေ့ကို ရောက်ရောက်လာနေရသည့်ကြားထဲ အကြမ်းဖက်စစ်တပ်ကလည်း သတင်းအချက်အလက်စစ်ဆင်ရေးနည်းနာအရ သတင်းတု၊ သတင်းမှားများအပြင် သည်းခြေကြိုက်ဆယ်လီသတင်းများကို ကျွန်တော်တို့ အသုံးပြုနေကြသည့် သတင်းအချက်အလက်ကွန်ရက်ကြီးထဲ ပစ်ပစ်သွင်းပြီး ကျွန်တော်တို့ကို သတင်းအချက်အလက်များစွာနှင့် ရှုပ်ထွေးဝေဝါး ဗျာများနေအောင် လုပ်လေ့ရှိပါသည်။

အဲဒီအခါ ကျွန်တော်တို့က အဆိုပါသတင်းအချက်အလက်များစွာကို ဘယ်လို စီမံခန့်ခွဲရမှန်း မသိတော့ဘဲ တစ်နေ့တစ်နေ့ ဝမ်းသာလိုက်၊ ဝမ်းနည်းလိုက်၊ စိတ်ဓာတ်ကျလိုက်၊ စိတ်တက်ကြွလိုက်၊ ပေါ်ပင်မှာ ပျော်ရွှင်လိုက်နှင့်ပဲ အချိန်တွေကုန်မှန်းမသိ ကုန်ကြရပါတော့သည်။

ဒါ့အပြင် ကျွန်တော်တို့ နေ့စဉ်ချနေရသည့် ဆုံးဖြတ်ချက်များအတွက်လည်း ဘယ်သတင်းအချက်အလက်ကို ယူပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုး ချရမလဲဆိုတာ ဝေခွဲမရဖြစ်ကုန်ကြပြီး တစ်ခါတလေမှာ သတင်းအမှားများ၏ သက်ရောက်မှုကြောင့် ဆုံးဖြတ်ချက်အမှားများကို ချမိသည်အထိပါ ဖြစ်သွားတတ်ကြပါသည်။

အခုဆွေးနွေးသွားတာကတော့ သတင်းအချက်အလက်စစ်ဆင်ရေး (Information Warfare) နှင့်ပတ်သက်ပြီး သိထားသင့်သည်အချို့ဖြစ်ပါသည်။ ဒါတွေဟာ အင်ထရို (Intro) သာသာလောက်ပဲဖြစ်ပြီး ဒီဘာသာရပ်ကို ပိုမိုနားလည်စေရန်တော့ ဒီထက်ပိုသည့် လေ့လာမှုများကို လုပ်ကြဖို့ လိုအပ်ပါလိမ့်မည်။

အကြမ်းဖက်စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးနှင့် သတင်းအချက်အလက်စစ်ဆင်ရေးများကို ဘယ်လိုတုံ့ပြန်ရင်ဆိုင်ကြမလဲဆိုသည့် ကိစ္စကလည်း သီးခြားလေ့လာရမည့် အရာဖြစ်သောကြောင့် နောက်ဆောင်းပါးများတွင်လည်း လေ့လာမိသလောက် ထပ်ရေးပါဦးမည်။

အရေးတော်ပုံ မုချအောင်ရမည်။

(နေဘုန်းလတ်သည် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article