ရန်ကုန်၊ မေ ၂၁
ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီး ၁ ဦး အသတ်ခံရပြီး အခြားမြန်မာအမျိုးသား ၁ ဦးမှာလည်း ဓားထိုးခံရသဖြင့် အပြင်းအထန်ဒဏ်ရာရရှိကြောင်း ထိုင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ စန်ဖီစူးရပ်ကွက်ရှိ အဆောင်တစ်ခု၏ ရေချိုးခန်းအတွင်း၌ အမည်မသိ မြန်မာအမျိုးသမီးတစ်ဦး လည်ပင်းတွင် ညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ထိုင်းရဲတပ်ဖွဲ့က လူသတ်မှုအဖြစ် သံသယရှိကာ အခင်းဖြစ်ပြီးနောက် ပျောက်ဆုံးသွားသည့် အခန်းပိုင်ရှင် အသက် ၄၆ နှစ်အရွယ် ရှမ်းအမျိုးသား ဥယျာဉ်မှူးအား သံသယတရားခံအဖြစ် အပြင်းအထန် လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး၊ သံသယရှိသူ ရှမ်းအမျိုးသားအလုပ်လုပ်ကိုင်သည့် ပုဂ္ဂလိကကျောင်းမှ အလုပ်ရှင်ဖြစ်သူက ၎င်းထံသို့ ၂ ရက်တိုင်တိုင် ဆက်သွယ်၍မရသဖြင့် စိတ်ပူကာ အဆိုပါအဆောင်သို့ လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လာရောက်ရှာဖွေရာတွင် အခန်းမှာ အပြင်ကနေ သော့ခတ်ထားသဖြင့် အဆောင်ပိုင်ရှင်နှင့်အတူ သော့ကို ဖြတ်တောက်ကာ ဝင်ရောက်ကြည့်ရှုခဲ့ရာမှ ရေချိုးခန်းအတွင်း လည်ပင်းညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အဆိုပါ မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
လက်ရှိအချိန်အထိ သေဆုံးသူ မြန်မာအမျိုးသမီးမှာ ဘယ်သူဘယ်ဝါဖြစ်သည်ကို အတိအကျ အတည်မပြုနိုင်သေးသဖြင့် ရဲတပ်ဖွဲ့က ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ဘေးပတ်ဝန်းကျင်မှ သက်သေများ၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့တွင် အဆိုပါ အခန်းပိုင်ရှင်ဖြစ်သူ ရှမ်းအမျိုးသားသည် သေဆုံးသူ အမျိုးသမီးအား ၎င်း၏ ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်ယူလာခဲ့ပြီးနောက် အခန်းတွင်း၌ အတူတကွ သောက်စားနေခဲ့ကြကြောင်း သိရသည်။ ထို့နောက်ပိုင်းတွင် အဆိုပါ အမျိုးသမီး အခန်းပြင်သို့ ပြန်လည်ထွက်ခွာလာခြင်းမရှိတော့ဘဲ အခန်းပိုင်ရှင်တစ်ဦးတည်းသာ အခန်းတံခါးကို အပြင်ကနေ သော့ ခတ်ကာ ဆိုင်ကယ်ဖြင့် ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ အခန်းကို ဝင်ရောက်စစ်ဆေးရာတွင် အခန်းအဝင်တံခါးကို ပိတ်ထားရုံမက ရုပ်အလောင်းရှိရာ ရေချိုးခန်းတံခါးကိုပါ အပြင်ကနေ ထပ်မံပိတ်ထားသည်ကို တွေ့ရှိရသည့်အပြင်၊ ရေချိုးခန်းအတွင်းရှိ ရေကန်ဘောင်တွင်လည်း သွေးကွက်များကို ရှာဖွေတွေ့ရှိခဲ့ရသည်။
အဆိုပါ အဆောင်တွင် နေထိုင်ကြသည့် သူများ၏ ပြောပြချက်အရ သံသယရှိခံရသူ ရှမ်းအမျိုးသားသည် ထိုအဆောင်တွင် နေထိုင်လာသည်မှာ ၂ နှစ်၊ ၃ နှစ်ခန့် ရှိပြီဖြစ်ပြီး ပုံမှန်ဆိုလျှင် လူချစ်လူခင်များကာ အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် ၎င်းသည် လူမှုကွန်ရက် TikTok ပေါ်တွင် တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ကာ ကပြတတ်သည့် မိန်းကလေးဆန်ဆန် နေထိုင်သူတစ်ဦးလည်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က အဆိုပါ ရှမ်းအမျိုးသားသည် ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်သည်ဟု ကောက်ချက်ချထားပြီး၊ ၎င်းအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် နယ်မြေတွင်း ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ကာ တရားခံပြေးအဖြစ် လိုက်လံစုံစမ်းနေကြောင်း ထိုင်းသတင်းဌာနဖြစ်သည့် Thairath တွင် ဖော်ပြထားသည်။
အလားတူ မေလ ၂၀ ရက်နေ့ ညနေပိုင်းကလည်း ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခွန်ရက်ချာဆီမာ (ကိုရတ်) ခရိုင်၊ ဂျီရာ (Jira) ရထားဘူတာအနီး ရထားလမ်းဘေးတွင် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား “အောင်ကျော်စိုး” ဆိုသူသည် ညာဘက်ရင်အုံတွင် ပြင်းထန်သော ဓားထိုးဒဏ်ရာဖြင့် လဲကျနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ရသည်။
ဒေသခံတစ်ဦးက အမှိုက်ပုံနှင့် ဆိုဖာဟောင်းများ စွန့်ပစ်ထားရာ နေရာအနီးမှ အကူအညီတောင်း အော်ဟစ်သံ ကြားရသဖြင့် သွားရောက်ကြည့်ရှုရာကနေ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာတွင် ဒဏ်ရာရရှိသူ အောင်ကျော်စိုးသည် အိတ်တစ်လုံးကို ပွေ့ပိုက်လျက် လဲကျနေပြီး ၎င်း၏အနီးတွင် အဝတ်အထည်များနှင့် အရက်ပုလင်းအချို့ကို တွေ့ရှိခဲ့ရသော်လည်း တိုက်ခိုက်ရာတွင် သုံးသည့်ဓားကိုမူ မတွေ့ရပေ။
ကယ်ဆယ်ရေးအဖွဲ့က လူနာကို အခင်းဖြစ်နေရာ၌ပင် ရှေးဦးသူနာပြုစုပေးခဲ့ပြီးနောက် မဟာရတ် နခွန်ရက်ချာဆီမာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးထားရသည်။ အဆိုပါနေရာသည် အိုးမဲ့အိမ်မဲ့များ လာရောက်ခိုလှုံလေ့ရှိသည့်နေရာ ဖြစ်ပြီး၊ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူ တရားခံသည် ဝေးဝေးလံလံ ထွက်ပြေးနိုင်ခြင်း မရှိသေးဟု ယူဆကာ ဖမ်းဆီးရမိရေးအတွက် အပြင်းအထန် ရှာဖွေစုံစမ်းလျက်ရှိကြောင်း သိရသည်။




