ရန်ကုန်၊ မေ ၂၂
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက် ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၃ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၂၁ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်ခန့်အချိန်တနင်္သာရီမြို့နယ်၊ ထုံတော်ရွာဗလီ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းတို့က ကျွဲထိန်းကုန်းရွာအတွင်းရှိ စာသင် ကျောင်းအနီးသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျွဲထိန်းကုန်းကျေးရွာတွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး၏ ဦးခေါင်းတွင် လက်နက်ကြီးစ ထိမှန်ကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၂၀ အရွယ် လူငယ် ၁ ဦး ခြေဆစ်ဒူးကျိုးဒဏ်ရာရရှိခဲ့ကာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာလည်း ခြေထောက်ပြတ်ထွက်သွားသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက “အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသောကြောင့် ကျေးရွာနေ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီးအန္တရာယ်များကို အထူးသတိပြုနေထိုင်ကြရန် သတိပေးနှိုးဆော်အပ်ပါတယ်”ဟု ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ ရွာစဥ်ကျေးရွာတွင်လည်း မေလ ၂၁ ရက်နေ့ ည ၉ နာရီခွဲမှ ၁၀ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ဗုံးများကျရောက်ကာ လူတစ်ရပ်ကျော်ခန့် မြေကျင်းကြီးများ ဖြစ်သွားခဲ့ပြီး၊ ပြည်သူအများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ရွာမှာတော့ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲခံနေရပြီး အခုပြေးနေရတယ်။ ညီလေးနဲ့ အဒေါ်လည်း ပွဲချင်းပြီး သေတယ်။ သေတာတွေကတော့ အများကြီးပဲ။ ဗုံးကွဲတဲ့ကျင်းက လူတစ်ရပ်ကျော်တယ်။ ဓာတ်ပုံကတော့ ရိုက်မရသေးဘူး၊ အခုပြေးနေရလို့”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းနှင့် လက်နက်ကြီး အားကိုးကာ နေ့ညမရွေး တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီကာ ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။






