ရန်ကုန်၊ မေ ၂၂
အာဆီယံကာကွယ်ရေးဦးစီးချုပ်အစည်းအဝေးသို့ မြန်မာစစ်တပ် ဦးစီးချုပ် ရဲဝင်းဦးက အွန်လိုင်းဗီဒီယိုမှတစ်ဆင့် တက်ရောက်ခွင့်ရရှိခဲ့ပြီး အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံငယ်များကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် အသွင်မျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။
ယမန်နေ့က ကျင်းပပြုလုပ်သည့် ၂၃ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ASEAN Chiefs of Defense Forces Meeting – 23rd ACDFM) ကို ဗီဒီယိုကွန်ဖရင့် (Video Conferencing) စနစ်ဖြင့် ကျင်းပရာတွင် စစ်တပ်ဦးစီးချုပ် ရဲဝင်းဦး တက်ရောက်ခွင့်ရရှိခဲ့စဉ် ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။
လက်ရှိအချိန် အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့် တိုက်ရိုက်ကျူးကျော်ခြင်းထက် အဆို ပါနိုင်ငံကို လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘော တရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေးနှင့် သံတမန်ရေး စသည့် အသွင်မျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် အင် အားကြီးနိုင်ငံအချို့က အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံငယ်များအား ၎င်းတို့၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိစေရန် နိုင်ငံရေးနှင့် စီးပွားရေးအရ လွှမ်းမိုးမှုမှသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက် မဟာမိတ်အုပ်စုများ ဖွဲ့စည်းကာ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်အထိ အပြိုင်အဆိုင် ကြိုးပမ်းလုပ်ဆောင်လာလျက်ရှိကြောင်း အကြမ်းဖက် ရဲဝင်းဦးက ဆိုသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရဲဝင်းဦးက ဆွေးနွေးပြောဆိုရာတွင် ၎င်းနှင့် သက်ဆိုင်ခြင်းမရှိသော နိုင်ငံရေးကိစ္စရပ်များကိုပါ အာဆီယံကာကွယ်ရေးဦးစီးချုပ်အစည်းအဝေးတွင် ထည့်သွင်းထုတ်ဖော်ပြောဆိုခဲ့သည်။
၎င်းက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ခရီးလမ်းခိုင်မာစေရန် နိုင်ငံတော်နှင့်ကိုက်ညီသည့် ဒေသအခြေခံ ဖက်ဒရယ်စနစ်ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး၊ အမျိုးသားအကျိုးစီးပွား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရသစ်အနေဖြင့် လွတ်လပ် ၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကာ အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
မြန်မာစစ်တပ်က မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုကြောင့် မင်းအောင် လှိုင် အပါအဝင် စစ်ကောင်စီ၏ ထိပ်သီးခေါင်းဆောင်များနှင့် ဝန်ကြီးများကို အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားသော်လည်း၊ စစ်တပ်ဦးစီးချုပ် ရဲဝင်းဦးကိုမူ အာဆီယံတပ်ချုပ်အစည်းအဝေးသို့ တက်ရောက်ခွင့်ပြုထားပြန်သည်




