ရန်ကုန်၊ မေ ၂၂
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာ၍ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့အနီးရှိ ညင်းမော်ရွာ၊ ရင်းဘုတ်ရွာနှင့် စစ်ပြဲရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ပြဲရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းရှိသေးကြောင်း၊ ယင်း စစ်ကြောင်းသည် စစ်ပြဲရွာ အနီးဝန်းကျင်တွင် တပ်ဖြန့်ထားကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက နံနက် ၃ နာရီ လောက်ကြီး လောင်းလုံးမြို့ပေါ်ကနေ ထွက်လာပြီး ညင်းမော်ရွာ၊ ရင်းဘုတ်ရွာနဲ့ စစ်ပြဲရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာ နံနက် ၅ နာရီခွဲ လောက်မှာ အဲကောင်တွေက စစ်ပြဲရွာကို ရောက်လာတဲ့ အချိန်မှာ တိုက်ပွဲဖြစ်ကြတာပေါ့။ အခုတော့ ပြန်ငြိမ်နေပါတယ်။ ပြည်သူတွေလည်း ရွာလုံးကျွတ်ကို ပြေးနေရတယ်။ အဲစစ်ခွေးစစ်ကြောင်းက စစ်ပြဲရွာ အနီးမှာပဲ တပ်ဖြန့်ထားတုန်း” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် သည် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနိုင်ရန် ဧပြီလာပိုင်းမှ စတင်၍ ထားဝယ်မြို့ဘက်မှ စစ်မှုထမ်း တပ်သားသစ် အများအပြား ပါဝင်သော စစ်အင်အားများ ဖြည့်တင်းပြီးနောက် ယနေ့ တွင် စစ်ကြောင်းစတင်ထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီလ ၂၂ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညှင်းမော်ကျေးရွာအတွင်းသို့ ထားဝယ်-လောင်းလုံးလမ်းအတိုင်း အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲထားစဉ် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့က ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့် အထိနာကာ ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ညှင်းမော်ရွာမှ လောင်းလုံးမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရှိရသည်။




