27 C
Yangon

ယင်းမာပင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပန်းမထုံကျေးရွာကို မီးရှို့ဖျက်ဆီး၊ ဂွမြို့နယ်တွင် စစ်တပ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပန်းမထုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၂၁ ရက်နေ့မှ စတင်ကာ ယင်းမာပင်မြို့နယ်၊ ပန်းမထုံကျေးရွာနှင့် အင်းသာကျေးရွာအတွင်းသို့ ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပန်းမထုံကျေးရွာ မြောက်ဘက်ပိုင်းရှိ ပြည်သူ့ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ပန်းမထုံကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာခြင်းမရှိသေးဘဲ ဖုန်းလိုင်းများပါ ပြတ်တောက်နေ၍ ကျေးရွာအတွင်း မီးလောင်ပျက်စီးသော နေအိမ် အရေအတွကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒီနေ့ နေ့လည်လောက်ကမှ ပန်းမထုံးရွာ မြောက်ဖျားပိုင်းကို မီးရှို့နေတယ်လို့ ကြားသိရတာပါ။ ဖုန်းလိုင်းတွေက U-9 ရော MPT လိုင်းတွေ မနေ့က ညနေတည်းက ပြတ်တောက်နေတယ်။ Atom လိုင်း ဆိုမရတာ နှစ်နဲ့ချီပြီး ပျက်နေတာပါ။ စစ်ကြောင်းကလည်း ရွာထဲက မထွက်သေးဘူး။ စစ်ကြောင်းက ပန်းထုံရွာနဲ့ အင်းသာရွာဘက်မှာ ၂၀၀ ကျော်နဲ့ ၂ ဖွဲ့ခွဲပီး တပ်ဖြန့်ထားတယ်။ တာဝရွာကိုတော့ ခွေးအင်အား အချို့သာ ဝင်ရောက်သွားတယ်လို့သိရပါတယ်။ စုစုပေါင်း စစ်ခွေး အင်အား ၄၀၀ ဝန်းကျင်ရှိမယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အင်းအား ၄၀၀ ခန့်ရှိပြီး ပန်းမထုံကျေးရွာနှင့် အင်းသာကျေးရွာတို့တွင် တပ်ဖြန့်ထားပြီး စစ်ကြောင်း၏ ရှေးပြေးပွိုင့်အဖွဲ့သည် တတာဝကျေးရွာအတွင်းကို ဆက်လက်ဝင်ရောက်သွားကြောင်း၊ ထိုစစ်ကြောင်းသည် မင်းမကုန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲခဲ့စဉ်က ဆင်စွယ်ရွာသား ၁ ဦးနှင့် မင်းမကုန်းရွာသား ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မင်းမကုန်းရွာ အနောက်ဘက်တောထဲ၌ မြေမြုပ်ထားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ၁၀ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမှတ် ၂ ရပ်ကွက်အတွင်း ဗုံးအများအပြား ကျရောက်ခဲ့ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုဗုံးကျဲမှုအတွင်း ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်မှ အသက် ၃၉ နှစ်အရွယ် ဦးညီငယ်၊ အသက် ၆၅ နှစ်အရွယ် ဒေါ်ပုမ၊ အသက် ၃၂ နှစ်အရွယ် ဒေါ်ခင်သက်မာ၊ အသက် ၄၅ နှစ်အရွယ် ဦးဌေးလွင်၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်မိုး၊ အသက် ၄၀ နှစ်အရွယ် ဒေါ်ကြည်ကြည်မာ၊ အသက် ၆၂ နှစ်အရွယ် ဦးမြင့်ဝင်းတင်၊ အသက် ၃၃ နှစ်အရွယ် ဦးပြည့်ဖြိုးအောင်နှင့် အသက် ၂၈ နှစ်အရွယ် မမေငယ်တို့ ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမှတ် ၂ ရပ်ကွက်အတွင်းရှိ ပြည်သူ နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းမှ မြန်မာစစ်တပ်က တိုက်လေယာဉ် ၂ စီး ကျိန္တလီမြို့ထဲက ရပ်ကွက် ၂ ကို လာပြီး ဗုံးချတာ ၁၀ ကြိမ်လောက်ရှိမယ်။ ထိခိုက်တာက ပြည်သူ ၉ ဦးထိခိုက်တယ်။ နေအိမ် ၂ လုံးလဲ ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့ ရွှေဟင်္သာရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ရွှေဟင်္သာရပ်ကွက်အတွင်းရှိ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျ ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအလောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article