ရန်ကုန်၊ မေ ၂၃
အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒ အသစ်ကြောင့် အမေရိကန်ရောက် မြန်မာကျောင်းသား၊ အလည်ဗီဇာသမားများနှင့် နိုင်ငံသားလက်ထပ်ထားသူများ Green Card လျှောက်ရန် အခက်အခဲကြီးစွာ ကြုံတွေ့နေရနိုင်ကြောင်း အမေရိကန်ရောက် မြန်မာတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အမေရိကန်ပြည်ထောင်စုအတွင်း ယာယီဗီဇာများဖြင့် ရောက်ရှိနေပြီး Green Card လျှောက်ထားရန် ပြင်ဆင်နေကြသည့် နိုင်ငံခြားသားအများစုအနေဖြင့် မိခင်နိုင်ငံများသို့ ပြန်လည်သွားရောက်ပြီးမှသာ သံရုံးများမှတစ်ဆင့် လျှောက်ထားရမည်ဟူသော အမေရိကန်အစိုးရ၏ မူဝါဒအသစ်ကို မေလ ၂၂ ရက်နေ့တွင် ကြေညာလိုက်ပြီးနောက် အမေရိကန်ရောက် မြန်မာနိုင်ငံသား အမြောက်အမြား ကြီးမားသော ဒုက္ခနှင့် အကျပ်အတည်းများ ချက်ချင်းရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ယခုအသင်္စ ထုတ်ပြန်လိုက်သည့် အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ (USCIS) ၏ လမ်းညွှန်ချက်အသစ်အရ “ထူးခြားသည့် အခြေအနေမျိုး” မှလွဲ၍ အမေရိကန်မြေပေါ်တွင် နေထိုင်ခွင့်အဆင့်ပြင်ဆင်ခြင်း (Adjustment of Status) လျှောက်ထားမှုကို အမေရိကန်နိုင်ငံအတွင်း ခွင့်ပြုတော့မည်မဟုတ်ဘဲ မိခင်နိုင်ငံပြန်ကာ လျှောက်ထားရမည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာကျောင်းသား၊ အလည်ဗီဇာသမားများနှင့် အမေရိကန်နိုင်ငံသားကို လက်ထပ်ထားသူများ တိုက်ရိုက်ထိခိုက်
အမေရိကန်တွင် ပုံမှန်အားဖြင့် တစ်နှစ်လျှင် လူပေါင်း ၁ သန်းကျော် Green Card လျှောက်ထားကြပြီး ထက်ဝက်ကျော်မှာ အမေရိကန်နိုင်ငံအတွင်း ကြိုတင်ရောက်ရှိ နေထိုင်နေကြသူများ ဖြစ်သည်။
USCIS ပြောရေးဆိုခွင့်ရှိသူ ဇက် ကာလာ (Zach Kahler) က “ကျောင်းသားဗီဇာ၊ ယာယီအလုပ်သမားဗီဇာ ဒါမှမဟုတ် အလည်ဗီဇာ ကိုင်ဆောင်ထားသူတွေဟာ ကာလတို ရည်ရွယ်ချက်နဲ့ လာကြတာဖြစ်ပြီး သက်တမ်းကုန်ရင် ပြန်ရမှာပါ။ သူတို့ရဲ့ လာရောက်မှုကို Green Card လျှောက်ဖို့ ပထမခြေလှမ်းအဖြစ် အသုံးမချသင့်ပါဘူး” ဟု ဆိုသည်။
အဆိုပါ အပြောင်းအလဲကြောင့် အမေရိကန်သို့ တရားဝင်ဗီဇာများဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ကျောင်းသားဗီဇာ (F-1) ကိုင်ဆောင်ထားသူများ၊ အလည်ဗီဇာ (B-1/B-2) ဖြင့် ရောက်ရှိနေသူများအပြင်၊ အမေရိကန်နိုင်ငံသားနှင့် တရားဝင် လက်ထပ်ထိမ်းမြားထားပြီး အမေရိကန်မြေပေါ်တွင် စာရွက်စာတမ်း အဆင့်မြှင့်တင်ရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံသားများပါ တိုက်ရိုက် ကြီးမားစွာ ထိခိုက်နစ်နာနိုင်ကြောင်း သိရှိရသည်။
“အခု အမေရိကန်လူဝင်မှုကြီးကြပ်ရေးရဲ့ အပြောင်းအလဲက မြန်မာနိုင်ငံသားတွေပေါ့။ အထူးသဖြင့်တော့ အမေရိကန်ထဲမှာ ဗီဇာနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အားလုံးအပေါ် ရိုက်ခတ်ပါတယ်။ မြန်မာပြည်က ဗီဇာပိတ်ထားတော့ မြန်မာပြည်ပြန်ပြီး Green Card လျှောက်ဖို့နဲ့ ရဖို့ဆိုတာလည်း အင်မတန်မှ ခက်ခဲပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကလည်း ဆိုးရွားနေတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် အဆိုးဆုံး အခြေအနေတွေ ဖြစ်လာတာ” ဟု အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်တွင် နေထိုင်သော မြန်မာ့အရေး လှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိတွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၉ ခုကို စိုးရိမ်ရသည့် အန္တရာယ်ရှိ Risk နိုင်ငံများစာရင်း သတ်မှတ်ထားပြီး အမေရိကန်သို့ ဗီဇာအသစ် ထုတ်ပေးမှုများကို ကန့်သတ်ဆိုင်းငံ့ထားသည်။
ထို့ကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် Green Card ရရှိရန်အတွက် မြန်မာပြည်သို့ ပြန်သွားရမည်ဆိုပါက ပြည်တွင်းစစ်ပွဲ အန္တရာယ်များအပြင်၊ မြန်မာပြည်ရှိ အမေရိကန်သံရုံးမှ Green Card ဗီဇာ ပြန်လည်ရရှိဖို့ရန် လုံးဝ မလွယ်ကူတော့ဘဲ အမေရိကန်သို့ ပြန်လည်ဝင်ရောက်ခွင့် လုံးဝပိတ်ဆို့သွားမည့် ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည်။
Immigrants’ List အဖွဲ့၏ ဘုတ်အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးရှေ့နေ အယ်လီဇာဘတ် ဂေါ့စ် (Elizabeth Goss) က ဝါရှင်တန်ပို့စ်သို့ ပြောကြားရာတွင် “ဒီမူဝါဒရဲ့ နောက်ကွယ်မှာ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိပါဘူး။ ဒါက လုံခြုံ ရေးပြဿနာလည်း မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေဟာ အမေရိကန်ထဲကို တရားဝင်ဗီဇာနဲ့ စိစစ်ပြီးသား ဝင်လာတဲ့ ဆရာဝန်တွေ၊ ပါမောက္ခတွေ၊ သုတေသီတွေနဲ့ လုပ်ငန်းရှင်တွေ ဖြစ်နေလို့ပါပဲ” ဟု ဝေဖန်သည်။
USCIS အရာရှိဟောင်း ဒေါ့ဂ် ရန်းဒ် (Doug Rand) ကလည်း ထရမ့်အစိုးရသည် နိုင်ငံပေါင်းများစွာမှ လူများကို အမေရိကန်ထဲ ပြန်မဝင်နိုင်အောင် ပိတ်ပင်ထားဆဲဖြစ်ရာ ယခုကဲ့သို့ နိုင်ငံခြားသားများကို မိခင်နိုင်ငံပြန်ပြီး သံရုံးကနေ လျှောက်ခိုင်းခြင်းသည် Green Card လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ဖယ်ထုတ်ပစ်လိုက်ခြင်းသာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
ယခုအခါ ကြိုတင်သတိပေးချက်မရှိဘဲ ညတွင်းချင်း ထွက်ပေါ်လာသည့် အဆိုပါ USCIS ၏ ညွှန်ကြားချက်အသစ်ကြောင့် အမေရိကန်တွင် တရားဝင် ရောက်ရှိနေထိုင်ပြီး ရှေ့ဆက်ဘဝ တည်ဆောက်ရန် ကြိုးပမ်းနေကြသည့် Non-Immigrant ဗီဇာ ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသား အများအပြားမှာ နေရပ်ပြန်လျှင်လည်း အသက်အန္တရာယ်ရှိခြင်း၊ မပြန်လျှင်လည်း Green Card လျှောက်ခွင့် ဆုံးရှုံးခြင်းဟူသော မကြုံစဖူး အခက်အခဲ အကျပ်အတည်းကြီးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။




