ရန်ကုန်၊ မေ ၂၃
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ မူကြိုစာသင်ကျောင်း ၁ လုံးနှင့် နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။
မေလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပုလောမြို့နယ်၊ ထီးမိုပွာထပ်ခေါကျေးရွာအုပ်စု၊ ဖားကွင်းကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ဖားကွင်းကျေးရွာအတွင်းရှိ ကလေးငယ်များ ပညာသင်ကြားနေသော မူကြိုစာသင်ကျောင်း ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ်၊ ထီးမိုပွာလာခေါကျေးရွာအုပ်စု၊ ကင်းနီကျွန်းကျေးရွာအတွင်းကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ရာ ကင်းနီကျွန်းကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ် ၄ လုံး ဗုံးစထိမှန်ကာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် ထောင်ထားသော မိုင်းနင်းမိခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မေလ ၁၆ ရက်နေ့တွင် အင်္ဂနီကျေးရွာအတွင်း အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီးကျေးရွာနေပြည်သူ အသက် ၁၃ နှစ်အရွယ် မောင်ရဲမင်းထွန်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁၂ ရက်နေ့တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၅ နှစ်အရွယ် စောလှမောင်ကြီး သေဆုံးကာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က မင်းကန်ရွာကို ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၁ ရက်နေ့တွင် ညနေ ၄ နာရီခန့်တွင် မြိုင်မြိုနယ် အရှေ့တောင်ပိုင်း မင်းကန်ရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်မှုရှိကြောင်း သိရသည်။
“ပြည်သူ ၇ ဦးလောက်ထိခိုက်မှုရှိပါတယ်။ စစ်ခွေးတွေက အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရွာကို လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်သစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ နံနက် ၈နာရီ ၃၀ မိနစ်ခန့်တွင် မြိတ်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် တနင်္သာရီမြို့နယ် လယ်သစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ဗုံး ၁လုံးဖြင့် ကျဲသွားတာပါ။ ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ် ပျက်စီးတာတော့ မရှိပါဘူး။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ်တို့ကို သတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ် “ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။






