ရန်ကုန်၊ဇွန် ၂
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် အိန္ဒိယဝန်ကြီးချုပ် မိုဒီက လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ် မစ်ဆရီက သတင်းထောက်များကို ပြောကြားသည်။
ယမန်နေ့ အကြမ်းဖက် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံမှုနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို မေးမြန်းခဲ့ကြသဖြင့် နိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ် မစ်ဆရီက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အရေးကိစ္စကို မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ထည့် သွင်း ဆွေးနွေးခဲ့ကြောင်း၊ သို့ရာတွင် ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ အိန္ဒိယအစိုးရက ထုတ် ဖော်ပြောဆိုခြင်းမပြုပေ။
နှစ်နိုင်ငံ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းအပေါ်တွင်သာ အဓိကထားပြီး အလွတ်သဘော အပြန်အလှန် စကားပြောဆိုခဲ့ကြကြောင်း၊ အိန္ဒိယ၏ ရပ်တည်ချက်မှာ မြန်မာနိုင်ငံတွင် ရေရှည်တည်ငြိမ်သည့် ငြိမ်းချမ်းရေးရရှိရန်၊ အားလုံးပါဝင်နိုင်ရန်နှင့် သက်ဆိုင်သူအားလုံး ဆွေးနွေးပွဲဝိုင်းသို့ ပါဝင်လာရန်တို့ကို အစဉ်တစိုက် ထောက်ခံအားပေးနေခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးအတွင်းဝန်က ရှင်းပြသည်။
“ကျွန်တော်တို့အနေနဲ့ အလေးအနက် ပြောချင်တာက အိန္ဒိယရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုဟာ မြန်မာပြည် တွင်းက နိုင်ငံရေးအစီအမံတွေအပေါ်မှာ ဝေဖန်သုံးသပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး” ဟု အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောဆိုသည်။
နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်စီမံခန့်ခွဲမှုနှင့် ဒေသတွင်းအခြေ အနေများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ စွမ်းအင်ကဏ္ဍနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော အဆင့်မြင့်နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်ဖက်စလုံးက စိတ်ဝင်စားကြောင်း ပြောဆိုကြသည်ဟု သိရှိရသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အိန္ဒိယက ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး တစ်နိုင်ငံ၏ ပိုင်နက်နယ်မြေကို တစ်ဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေမည့် လုပ်ငန်းများအတွက် အလွဲသုံးစားလုပ်ခွင့် မပေးရန် အရေးကြီးကြောင်း နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်ဟု သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်ကလည်း မြန်မာ့နယ်မြေကို အိန္ဒိယ၏ လုံခြုံရေးအကျိုးစီးပွားကို ဆန့်ကျင်သည့်နေရာတွင် အသုံးပြုခွင့်ပေးမည်မဟုတ်ဟု အခိုင်အမာ အာမခံချက် ပေးခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနှင့် မြန်မာသည် ကီလိုမီတာ ၁,၆၄၀ ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေခြင်းဖြစ်သော ကြောင့် ယခုလုံခြုံရေးကိစ္စသည် အိန္ဒိယအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။




