28 C
Yangon

အုတ်ဖိုမြို့နယ်၊ ချောင်းခွရွာထိပ်တွင် စစ်တပ်က သတ်ဖြတ်ထားသော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းကို စွန့်ပစ်ထား၊ ကျေးရွာ ၃ ခုကိုလည်း ၂ ရက်ဆက် မီးရှို့နေ

Must read

ရန်ကုန်၊ ဇွန် ၂

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းခွရွာထိပ်တွင် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ထားသော ပြည်သူ ၅ ဦး၏ ရုပ်အလောင်းကို စွန့်ပစ်ထားပြီး ကျေးရွာ ၃ ခုကိုလည်း ၂ ရက်ဆက် မီးရှို့နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ချောင်းခွရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁ ရက်နေ့ထိ နေအိမ်များကို ၂ ရက်ဆက် မီးရှို့ခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူ ၅ ဦးကိုလည်း သတ်ဖြတ်ထားပြီး ရုပ်အလောင်းများကို ချောင်းခွရွာထိပ်တွင် စွန့်ပစ်ထားကြောင်း၊ ကျေးရွာနေ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် သေဆုံးသူများသည် မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထိုစစ်ကြောင်းသည် ဇွန်လ ၁ ရက်နေ့တွင် ကျွဲတဲကုန်းကျေးရွာနှင့် ချောင်းဆုံလေးကျေးရွာတို့ကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်တပ် စစ်ကြောင်းများ လက်ရှိချိန်ထိ သွားလာလှုပ်ရှားနေ၍ နေအိမ် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက ၂ ရက်ဆက်ရှိနေပြီ ရွာတွေကို မီးရှို့နေတာ ပြည်သူတွေလည်း အကုန်ပြေးနေရတယ်။ ချောင်းခွကျေးရွာဆို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခံရတယ်။ ရွာလုံးကျွတ် နီးပါးကိုရှို့ထားတာ ကျွဲတဲကုန်းကျေးရွာနဲ့ ချောင်းဆုံလေးကျေးရွာကိုလည်း မနေ့က မီးရှို့ဖျက်ဆီးတယ်။ နေအိမ်ပျက်စီးမှုကတော့ အတည်မပြုနိုင်သေးဘူး။ အခုကျနော်တို့ စစ်ရှောင်လာတဲ့ ပြည်သူတွေဆီက ကြားသိရတာကတော့ ချောင်းခွရွာထိပ် တံတားပေါ်မှာ စစ်ခွေးတွေ သတ်ဖြတ်ထားတဲ့ ပြည်သူ ၅ ဦးရဲ့ ရုပ်အလောင်းတွေကို စွန့်ပစ်ထားတယ်လို့တော့ ထပ်မံ သိထားရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် အုတ်ဖိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

မေလ ၂၆ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ကိုင်ကြီးကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူ ၃ ဦးကို စစ်တပ် ကင်းပုန်းက လိုက်လံပစ်ခတ်ခြင်းကြောင့် အသက်၅၀ ကျော်အရွယ် ဦးအေးကြီးနှင့် အသက် ၄၀ ကျော်အရွယ် ဦးဖိုးဇော်တို့ နေရာတင်ပွဲချင်းပြီး သေဆုံးကာ ၎င်းတို့ ယူဆောင်လာသော ငွေကျပ် ၃၅ သိန်းကိုလည်း ယူဆောင်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ – မေလ ၂၆ ရက်နေ့တွင် စစ်တပ်ကင်းပုန်းက ပစ်သတ်ခဲ့သော ကိုင်ကြီးကျေးရွာသား ဦးအေးကြီး၊ ဦးဖိုးဇော် ရုပ်အလောင်းနှင့် စစ်တပ်က ၂ ရက်ဆက် မီးရှို့နေသော ကျေးရွာ ၃ ခု။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article