ရန်ကုန်၊ ဇွန် ၂
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်သား ၁ ဦး လက်နက် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၁ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်၏ ခလရ ၁၀၁ တပ်ရင်းမှ စစ်သား ၁ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၁ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်လာသော တပ်သားသည် MA-3 အမျိုးအစား သေနတ် ၁ လက် အပါအဝင် ခဲယမ်းများ ယူဆောင်လာသောကြောင့် KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၁ က ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပြီး နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရှိရသည်။
အလားတူ ဧပြီလ ၂၄ ရက်နေ့ကလည်း စစ်တပ်၏ ခမရ ၂၂၄ တပ်ရင်းမှ စစ်သား ၂ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၁ နှင့် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲထံသို့ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့သေးကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း ကနီမြို့နယ် ပြည်သူရေးရာတာဝန်ခံမှ လွှဲအပ်လာသည့် အလင်းဝင်ရောက်လာသော စစ်မှူထမ်း တပ်သား ၁ ဦးကို ခရိုင်ပကဖ က လက်ခံပြီး သက်ဆိုင်ရာမြို့နယ် ပကဖ ထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ပကဖ အသံက ထုတ်ပြန်ထားသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့၏ ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မေလ ပထမပတ် အထိ အလင်းဝင် ပူးပေါင်းလာသော စစ်သား၊ လက်နက်ချ စစ်သားနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃၁၁၇ ဦးထိရှိပြီ ဖြစ်ကြောင်း သိရသည်။






