ရန်ကုန်၊ ဇွန် ၂
အနာဂတ်မြန်မာနိုင်ငံတွင် စစ်တပ်က စိတ်ကြိုက်ခြယ်လှယ်အုပ်ချုပ်ခွင့် ရရှိနိုင်တော့မည်မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ အလှည့် ကျသဘာပတိ ခူဦးရယ်က ပြောကြားလိုက်သည်။
ဇွန်လ ၁ ရက်နေ့က ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အဖွင့်အမှာစကားပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယခုတော်လှန်ရေးသည် လူမျိုးတစ်မျိုး၊ ဒေသတစ်ခုတည်း၏ တော်လှန်ရေးမဟုတ်ဘဲ အနာဂတ်မျိုးဆက်များအတွက် တရားမျှတသည့် ပြည်ထောင်စုတစ်ခု တည်ဆောက်ရန် အားလုံးပူးပေါင်းကြိုးစားနေကြသည့် လုပ်ငန်းစဉ်ကြီးဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများအကြား အမြင်နှင့် နည်းဗျူဟာမတူမှုများ ရှိနိုင်သော်လည်း အပြန်အလှန်နားလည်မှု၊ အသိအမှတ်ပြုမှုနှင့် တိုင်းပြည်ချစ်စိတ်ကို အခြေခံကာ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
SCEF ၏ အလှည့်ကျသဘာပတိ ခူဦးရယ်က “အနာဂတ် မြန်မာနိုင်ငံဟာ စစ်တပ်က စိတ်တိုင်းကျ ခြယ်လှယ် အုပ်ချုပ်တဲ့နိုင်ငံ မဖြစ်နိုင်တော့ပါဘူး။ စစ်အာဏာရှင် အုပ်စုဘက်က ဘယ်လိုအတား အဆီး ခြိမ်းခြောက်မှု စိန်ခေါ်မှုတွေပဲရှိနေစေကာမူ ကျနော်တို့ဟာ နာကျင်ခြင်းတွေကြားမှာ မရပ်တန့်ဘဲ အရပ်သား ဦးဆောင်တဲ့ CONSTITUTIONAL FEDERAL DEMOCRATIC UNION ဖြစ်ရပါမယ်။ RULE OF LAW ကို အခြေခံတဲ့ တရားစီရင်ရေးစနစ်၊ တာဝန်ယူမှုရှိတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ CIVILIAN SUPREMACY ကို အရယူ တည်ဆောက်နိုင်ရပါမယ်။ ပြည်သူတွေ အပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှု ရှိရပါမယ်” ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ယခုတော်လှန်ရေးလမ်းသည် တိုင်းပြည်အတွက် တန်ဖိုးမရှိ၊ လူထုကို အကျိုးမပြုနိုင်သည့် အငြိုးအတေး အမုန်းတရားသွေးဆောင်မှုများကြားတွင် ဝေဝါးပြီး လက်စားချေမှုဖြင့် လမ်းဆုံးသွားနိုင်သည့် နိုင်ငံရေးမျိုးမဖြစ်စေရန် ၎င်းက သတိပေးထားသည်။
လက်ရှိတွင် ပြည်သူများသည် မပြီးပြတ်နိုင်သေးသည့် စစ်ဘေးဒဏ်၊ စားဝတ်နေရေး အခက်အခဲ၊ ပညာရေးနှင့် ကျန်းမာရေးပြဿနာစိန်ခေါ်မှုများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြတ်သန်းနေရကြောင်း၊ ထို့ကြောင့် တော်လှန်ရေးကို အဆုံးသတ်နိဂုံးချုပ်ပေးနိုင်ရန်အတွက် လက်နက်ကိုင်ကာ သူသေကိုယ်ကြေ ပြာပုံဘဝသို့ တိုးသည်ထက်တိုးပြီး တိုက်ပွဲဝင်နေမှုတစ်ခုတည်းက အဖြေမှန်မဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။
ယခုအချိန်သည် အလွန်ခက်ခဲသည့် ကာလဖြစ်သော်လည်း နေ့မအားညမနား ကြိုးစားလုပ်ကိုင်ရင်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အိပ်မက်သည် တန်းတူရည်တူစိတ်ဖြင့် အတူတကွ ပုံဖော်တည်ဆောက်နေသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် တည်ရှိနေပြီဖြစ်၍ မြန်မာပြည်ကို ချစ်ခင်သူအားလုံး တစ်သားတည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ဖိတ်ခေါ်ထားသည်။
“ဒီကနေ့ ကျနော်တို့ တိုက်ပွဲဝင်ဖြတ်သန်းနေကြရတဲ့ နွေဦးတော်လှန်ရေးဟာ ဘောလုံးကစားပွဲတွေလို ရေတိုပွဲစဉ်တခု တပိုင်းတစ အခန်းအဖြတ်အတောက်တွေနဲ့ လှုပ်လီလှုပ်လဲ့ သွားနေရမယ့် ဒရမ်မာ ဇာတ်လမ်းအနေအထားမျိုး မဟုတ်သလို၊ တစ်ဖွဲ့တည်း တစ်ဦးတည်းနဲ့ ဖြတ်ကျော်သွားလို့ရတဲ့ ခရီးလမ်းမျိုးလည်း မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ လူထုကို အကျိုးမပြုတာသာမက အကြမ်းဖက်ဖိနှိပ်နေတဲ့ စစ်အာဏာရှင်စနစ်တစုံလုံး အမြစ်ပြုတ်ရေးနဲ့အတူ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ အနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စုသစ်ကို ပုံဖော်တည်ဆောက်ရေးအတွက် သမိုင်းတလျှောက်က လက်ဆင့်ကမ်း ပေးအပ်နေတဲ့ တာဝန်ကြီးကို အတူတူ ပခုံးထမ်း ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်” ဟု သူက ပြောဆိုသည်။
၂၀၂၆ ခုနှစ် မတ်လအတွင်း ဖွဲ့စည်းခဲ့သော SCEF ကောင်စီတွင် KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်သည်




