ရန်ကုန်၊ ဇွန် ၆
ရန်ကုန်မြို့တွင် စစ်တပ်က စစ်မှုထမ်းခိုင်းရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ အရှိန်မြင့်တက်နေသည့် ကာလအတွင်း ရက်ပိုင်းရက်ခြား၍ လူငယ်များ ဆက်တိုက်ပျောက်ဆုံးမှုများ ဖြစ်ပွားနေကြောင်း ပျောက်ဆုံးနေသော လူငယ်များ၏ မိတ်ဆွေများနှင့် မိဘအသိုင်းအ၀ိုင်းများထံမှ သိရှိရသည်။
မေလ ၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်ခန့်အချိန် မောင်ခန့်ကျော်ဇံ (ခ) မောင်သီဟသည် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ဗဟိုလမ်းဘက်သို့ အလုပ်သွားရန်အတွက် နေအိမ်မှ ထွက်ခွာသွားခဲ့ြီ့းနောက် ယင်းနေ့ည ၈ နာရီ ၃၇ မိနစ်ခန့်အချိန် အိမ်သို့ပြန်လာနေပြီဖြစ်ကြောင်း၊ အင်းစိန် ဖော့ကန်အနီးသို့ ရောက်ရှိနေပြီဖြစ် ကြောင်း မိသားစုထံသို့ နောက်ဆုံးအဆက်အသွယ်ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှစ၍ ဖုန်းစက်ပိတ်သွားကာ ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ယခုအခါ ပျောက်ဆုံးနေမှုမှာ ၁ လ ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း လက်ရှိအချိန် ရှာဖွေမတွေ့ရသေးကြောင်း သိရှိရသည်။
အလားတူ ဇွန်လ ၁ ရက်နေ့တွင်လည်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် KBZpay Center (Time Mall) တာဝန်ခံ မောင်ရှိင်းအောင်ထွန်းသည် နေအိမ်မှ အလုပ်သို့ ပုံမှန်အတိုင်း သွားရောက်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီ အလုပ်ဆင်းချိန်၌ အိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ဘဲ ဖုန်းပါ စက်ပိတ်ထားသည့် အနေအထားဖြင့် ၅ ရက်ကျော်ကြာသည်အထိ မိသားစုနှင့် လုံးဝအဆက်အသွယ် မရရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မြို့တွင် လမ်းသွားလမ်းလာ လူငယ်များကို စစ်တပ်နှင့် မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှု ထမ်းရန်အတွက် လိုက်လံဖမ်းဆီး ပေါ်တာဆွဲနေရာ အလုပ်သွားအလုပ်ပြန် လူငယ်များ မကြာခဏဆိုသလို အဆက်အသွယ်ပြတ်တောက်ကာ ဆက်တိုက်ပျောက်ဆုံးနေကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်၊ လမ်းဆုံနှင့် မြို့တွင်းကားဂိတ်များတွင် ဇွန်လ ၄ ရက်နေ့က အလုပ်သွားအလုပ်ပြန်ပြုလုပ်နေသည့် လူငယ် ၅၀ ကျော်ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
၎င်းသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများသည် အသက် ၂၅ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများဖြစ်ကြပြီး၊ လမ်းသွားလမ်းလာများအပြင် ကားစပါယ်ယာများပါ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူများကို စစ်ကိုင်း တပ်မ ၃၃ အတွင်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
အလားတူ မုံရွာမြို့ပေါ်တွင်လည်း ဇွန်လ ၁ ရက်နေ့မှစ၍ ဇွန်လ ၃ ရက်နေ့အထိ ၃ ရက်ဆက်တိုက် လမ်းဆုံများနှင့် ရပ်ကွက်များအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်ကာ လူငယ် ၇၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည်။
စစ်တပ်က မုံရွာမြို့ရှိ သာစည်လမ်း၊ တိုင်းရင်းဆေးရုံလမ်း၊ စက်မှုနန္ဒဝန်လမ်း၊ အောင်မဟာလမ်း၊ ပြည်ထောင်စုလမ်းနှင့် အင်းဂုံဆင်းတောင်ဘက် နေရာများတွင် ပိတ်ဆို့ဖမ်းဆီးခဲ့သည့်အပြင်၊ ညဘက်များတွင်လည်း ရပ်ကွက်များအတွင်း ဧည့်စာရင်းစစ်ဆေးကာ အသက် ၂၅ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပေါ်တာဆွဲဖမ်းဆီးရာ၌ ဌာနဆိုင်ရာ အစိုးရဝန်ထမ်း သားများ ပါဝင်ပါက ၁ ဦးလျှင် ငွေကျပ် သိန်း ၂၀ ဖြင့် စစ်တပ်က ပြန်လည်ရွေးခိုင်းခဲ့သဖြင့် ပြန်လည်ရွေးခဲ့ရသူ ၅ ဦးခန့်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသော လူငယ်များကို မိသားစုနှင့် တွေ့ဆုံခွင့်မပေးဘဲ မုံရွာအခြေစိုက်အနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မကခ) အတွင်း၌ ဖမ်းဆီးထားကြောင်း ဖင်္မးဆီးခံလူငယ်များ၏ မိဘဆွေမျိုးများထံမှ သိရှိရသည်။
စစ်တပ် မုံရွာမြို့အတွင်းရှိ အာဇာနည်လမ်း၊ နန္ဒဝန်စက်မှုလမ်း၊ သမ္မစိတ္တလမ်းနှင့် မြဇီးခြံလမ်းစသည့် လမ်းဆုံနေရာများတွင် ပိတ်ဆို့ကာ လူငယ်များကို အဓိကပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။




