ရန်ကုန်၊ ဇွန် ၆
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မြေပြင်မှ စစ်ကြောင်ထိုးပြီး လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၃ ရက်နေ့မှ စတင်ပြီး ရေတာရှည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀၀ ခန့် စစ်ကြောင်းသည် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ပိတောက်ကုန်းရွာမှ ဒေါ်တင်ရီ ဗုံးစထိမှန်ပြီး သေဆုံးကာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၈၂ နှစ်အရွယ် အဖိုးအို ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရေတာရှည်မြို့နယ်အတွင်းရှိ ပိတောက်ကုန်းကျေးရွာ၊ အုတ်မြေလူးကျေးရွာ၊ ဆီဆိုင်ကျေးရွာ၊ အေးရွာလေးကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ရေတာရှည်လေးကျေးရွာ၊ ရေငံကျေးရွာ၊ အင်းကြီးပေါက်ကျေးရွာ၊ ခင်တန်းရွာသစ်ရွာ၊ ကံလှကျေးရွာ၊ ဂွေးသဲကျေးရွာ၊ တောင်အင်းကုန်းကျေးရွာ၊ ကြာအင်းကုန်းကျေးရွာနှင့် ကြိတ်ပုတီးကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေးတွေက ပြည်သူတွေ နေထိုင်တဲ့ ရွာတွေကိုပဲ ဦးတည်ပြီး ဗုံးကျဲ ပစ်ခတ်နေလို့ ပြည်သူတွေ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာလုံးကျွတ်ကို တိမ်းရှောင်နေရတာ အခုလတ်တလောက်က စစ်ဘေးရှောင် ပြည်သူတွေ အတွက်အရေးပေါ် စားနပ်ရိက္ခာတွေ အမိုးအကာ ဆေးဝါးတွေ လိုအပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဆက်လက်၍ အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနိုင်သောကြောင့် လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။





