25.8 C
Yangon

တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်စဉ် အကြမ်းဖက် မင်းအောင်လှိုင် ကပ်သီလေး လွတ်မြောက်သွား

Must read

ရန်ကုန်၊ ဇွန် ၇

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ချိန် အ​ကြမ်းဖက် မင်းအောင် လှိုင်မှာ ကပ်သီလေး လွတ်မြောက်သွားခဲ့ကြောင်း တောင်ငူမြို့နယ်မှ စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၆ ရက်နေ့ မင်းအောင်လှိုင် တောင်ငူမြို့သို့ ရောက်ရှိချိန် ညနေ ၄ နာရီ ၂၅ မိနစ်အချိန် တောင်ငူ အမှတ် ၃ စစ်ဆေးရုံ နှင့် ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုထား သည်။

သို့ရာတွင် တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ချိန်တွင် မင်းအောင်လှိုင်မှာ စစ်ဆေးရုံနှင့် တောင်ငူလေတပ်မှ ထွက်ခွာပြီးစအချိန်ဖြစ်ပြီး ကပ်သီလေး လွတ်မြောက်သွားခဲ့ကြောင်း တောင်ငူအခြေစိုက် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

“စစ်ဆေးရုံကို မနေ့ မနက်ပိုင်းမှာ သူရောက်တယ်။ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ လူနာတွေကို လိုက်ကြည့်တယ်။ မွန်းလွဲ ၁၁ နာရီခွဲကျော်လောက်မှာ နယ်မြေခံလေတပ်မှာ ဌာနဆိုင်ရာ တွေဆုံပွဲ လုပ်တယ်။ အဲဒီကနေမှ မနေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ တောင်ငူမြို့ထဲပတ်တယ်။ ရှေးဟောင်းဇုန်နဲ့ အားကစားကွင်းသွားကြည့်တယ်။ အဲဒီကနေ ကျွန်းကုန်းရွာ ကြက်ခြံနဲ့ ကျွန်းကုန်းဘူတာကို သွားတယ်။ အဲဒီကနေမှ ညနေ ၄ နာရီ ၁၀ မိနစ်လောက်မှာ နေပြည်တော်ကို အထူးရထားစီးပြီး ပြန်တာ။ ရှော့တိုက်ဒုံးပစ်တဲ့အချိန်နဲ့ သူပြန်ထွက်တဲ့အချိန်နဲ့ အဝင်အထွက်ပဲ။ ၁၅ မိနစ်လောက်ပဲခြားတယ်” ဟု တောင်ငူမြို့ အခြေစိုက်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ မင်းအောင်လှိုင်၏ တောင်ငူ ခရီးစဉ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာတွင် Brave Warriors for Myanmar (BWM) ၏ အထူးစစ်ဆင်ရေးအဖွဲ့နှင့်အတူ KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် တောင်ငူခရီးစဉ်ကို လျှို့ဝှက်စွာ စီစဉ်ပြီး ပြည်ထောင်စုဝန်ကြီး ခရီးစဉ်ဟု သာအသိပေးပြီး၊ ကုန်းလမ်းဖြင့်လာမည်ဟုပြင်ဆင်ခဲ့ကြောင်း၊ လက်တွေ့တွင် ရန်ကုန်-နေပြည်တော် အစုန်ရထားဖြင့် ရောက်လာပြီး ထိုမှတဆင့် မဆရ ၃ (၂ ဆောင်မြိုင်) နှင့် ကေတုမတီလေတပ်သို့ သွားရောက်မည်ဟု သိရသဖြင့် BWM နှင့် မဟာမိတ်အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မင်းအောင်လှိုင်က ပစ်တဲ့နေရာ ရောက်မရောက်တော့ ကျနော်တို့ မသေချာမသိဘူး။ သူတောင်ငူကို ရောက်တဲ့ အချိန်ကို ရတဲ့ သတင်းနေရာကို ကြိုးစားပစ်တာပါ။ မင်းအောင်လှိုင် စိတ် ပိုမလုံခြုံအောင် လုပ်ဆောင်တာပေါ့။ တောင်ငူမြို့တွင်း ပတ်နေတာ ခက်တာက ပြည်သူတွေနေရာတွေမို့လို့ပါ။ သူ ပြင်ဆင်ထားတဲ့ နေရာတချို့ကိုလည်း မသွားဘူး” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင် နိုင်ငံအတွင်း ခိုးကြောင်ခိုးဝှက်သွားသွားလာနေရပြီး ထိတ်လန့်နေရသည့်ဘဝကို ပေါ် လွင်စေရန် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ BWM အဖွဲ့သည် မဟာမိတ်များနှင့် ပူးပေါင်းကာ တော်လှန်ရေး အောင်သည်အထိ ပြည်သူများနှင့် အတူ ဆက်လက် ကြိုးစားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article