ရန်ကုန်၊ ဇွန် ၁၀
ထိုင်းနိုင်ငံ၊ ပသုမ်ဌာနီခရိုင်တွင် မြန်မာအမျိုးသမီးပွဲစားကို ရိုက်နှက်သတ်ဖြတ်ခဲ့သည့် မြန်မာနိုင်ငံသား တရားခံကို ဖမ်းဆီးရရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ထိုင်းနိုင်ငံ၊ ပသုမ်ဌာနီခရိုင်တွင် လူသတ်တရားခံ အသက် ၅၀ အရွယ်ရှိ ကိုနိုင်လင်း အမည်ရှိ မြန်မာနိုင်ငံသားကို လူသတ်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ၊ တရားခံကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားနှင့် တူတို့ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
လူသတ်မှုမှာ ဇွန်လ ၆ ရက်နေ့ ည ၁၁ နာရီ ၃၈ မိနစ်အချိန် ပသုမ်ဌာနီခရိုင်၊ လတ်လွန်ကဲမြို့နယ်၊ နာမိုင်ရပ်ကွက်ရှိ အစ္စလာမ်ဘာသာသာသနာပြုဖောင်ဒေးရှင်းအနောက်ဘက် နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသမီးပွဲစားမှာ ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
အသတ်ခံရသော သေဆုံးသူမှာ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်တင်နွယ်မာဝင်း (ဆင်ဒီ) အမည်ရှိ မြန်မာအမျိုးသမီးဖြစ်ပြီး ဦးခေါင်းတွင် မာကျောသော အရာဝတ္ထုဖြင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာ ၁၅ ချက်ကို တွေ့ရှိခဲ့ရသည်။
ထို့ပြင် သေဆုံးသူနေအိမ်၏ အိမ်သာအတွင်းရှိ ရေပုံးထဲ၌ ဝှက်ထားသော တူနှင့် ဓားဦးချွန်တို့ကိုလည်းကောင်း၊ မီးဖိုချောင်ရှိ ဘီဒိုပေါ် လျှပ်စစ်ထမင်းပေါင်းအိုးထဲ၌ ဝှက်ထားသော သေဆုံးသူ၏ လက်ကိုင်ဖုန်းကိုလည်းကောင်း ရှာဖွေတွေ့ရှိခဲ့ပြီး မီးဖိုချောင်ကြမ်းပြင်ရှိ သွေးစက်များကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့သည်။
သေဆုံးသူ၏ သားဖြစ်သူ ထွက်ဆိုချက်အရ လွန်ခဲ့သော ရက်ပိုင်းအတွင်း မိခင်ဖြစ်သူထံတွင် မြန်မာအမျိုးသားတစ်ဦး လာရောက်တည်းခိုနေထိုင်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့်နေ့ ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၉ မိနစ်ဝန်းကျင် အလုပ်သွားချိန် အိမ်တွင် မိခင်နှင့် အဆိုပါမြန်မာအမျိုးသား၂ ဦးတည်း ကျန်ရစ်ခဲ့ကြောင်း သိရသည်။
သားဖြစ်သူက အလုပ်ခွင်သို့ ရောက်ရှိနေစဉ် မိခင်ဖြစ်သူထံ ဖုန်းဆက်သော်လည်း ဆက်သွယ်၍မရဘဲ၊ ညအချိန် အလုပ်မှ အိမ်သို့ပြန်ရောက်သောအခါမှ မိခင်ဖြစ်သူမှာ ရိုက်နှက်သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိရပြီး လာရောက်နေထိုင်သော မြန်မာအမျိုးသားမှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ မြန်မာအမျိုးသမီးပွဲစားကို လူသတ်တရားခံ နိုင်လင်းက သတ်ဖြတ်ခဲ့ကြောင်း ၊ တရားခံ ကိုနိုင်လင်း လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံပြီး ပြစ်မှုကျူးလွန်ရသည့် အကြောင်းအရင်းမှာ သေဆုံးသူ ပွဲစားအမျိုးသမီးကအလုပ်အကိုင် ရှာဖွေမပေးနိုင်သေးသဖြင့် စကားများရန်ဖြစ်ရာမှ ဒေါသအလျောက် တူဖြင့် ဦးခေါင်းကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်လင်းက ထွက်ဆိုသည်။
ထို့ပြင် သေဆုံးသူ၏ လွယ်အိတ်အတွင်းမှ ငွေသား ၁,၅၅၀ ဘတ်၊ လက်သူကြွယ်မှ ရွှေလက်စွပ်တစ်ကွင်းနှင့် လည်ပင်းမှ စတီးဆွဲကြိုးတို့ကို လုယက်ယူဆောင်သွားခဲ့ပြီး၊ အဆိုပါ ရွှေလက်စွပ်အား ဆမ်ချုပ်စျေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဘတ် ၂၀,၀၀၀ ဖြင့် သွားရောက်ရောင်းချခဲ့ကြောင်း ဝန်ခံခဲ့သည်။




