ရန်ကုန်၊ ဇွန် ၁၀
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ပြစ်ဒဏ်စေ့၍ လွတ်မြောက်လာသည့် နိုင်ငံ ရေးအကျဉ်းသား ၇ ဦးကို ပြန်လည် ဖမ်းဆီးကာ အကြမ်းဖက်မှုပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။
ကျောက်ဖြူမြို့တွင် AA နှင့်ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် မြင့်ဆုံးပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့၍ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်း သား ၇ ဦးကို အကျဉ်းထောင်ဗူးဝ၌ ရဲတပ်ဖွဲ့က လက်ထိတ်ခတ်၍ ခရိုင်တရားရုံးသို့ ခေါ်ဆောင်ကာ ယခင်ပြစ်ဒဏ်ကျခံပြီးသည့် ဖြစ်စဉ်တစ်ခုတည်းအပေါ် အခြေခံ၍ အကြမ်းဖက်မှုပုဒ်မများဖြင့် ထပ်မံထောင်ဒဏ် ၁၀ နှစ်စီ မတရားတိုးမြှင့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ပြစ်ဒဏ်ကျခံပြီးသား နိုင်ငံရေးအကျဉ်းသားများကို အကြမ်းဖက်အဖွဲ့အား ကူညီထောက်ပံ့ခြင်းဆိုင်ရာ ပုဒ်မ ၅၀(ည)၊ အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်ခြင်းဆိုင်ရာ ပုဒ်မ ၅၂(က) အပါအဝင် ပုဒ်မ ၂ ခုဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ယင်းနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုများကို ပုဒ်မတပ်ပြီးနောက် ကျောက်ဖြူအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ကာ နောက်ထပ် ထောင်ဒဏ် ၁၀ နှစ်စီ တရားရုံးက ခပ်မြန်မြန်ချမှတ်ခဲ့ခြင်းဖြစ်သည်။
မတရားအသင်း ဆက်သွယ်ဥပဒေ၊ ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ကျခံခဲ့ရပြီး လွတ်ရက်စေ့သည့်နေ့တွင်ပင် ပြန်လည်ဖမ်းဆီး၍ မတရားထောင်ချခြင်း ခံရသူ နိုင်ငံရေးအကျဉ်းသား ၇ ဦးမှာ ဦးကျော်လှအောင် ၊ ဦးမောင်မဲ ၊ဦးမြဝင်း၊ ဦးသန့်ဇော်လင်း (ခ) အညာသား ၊ ဦးလမင်းဖြိုး ၊ ဦးထွန်းမင်းဖြိုး ၊ ဦးစောရန်နိုင် တို့ဖြစ်သည်။
ယင်းကဲ့သို့ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားများကို ပြန်လည် ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းကို နေပြည်တော်စစ်ရုံးချုပ်က တိုက်ရိုက် အမိန့်ပေး ခိုင်းစေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။




