ရန်ကုန်၊ ဇွန် ၁၀
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစခန်းကို “Operation 9” အမည်ဖြင့် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီး စစ်တပ်ဘက်မှ အလောင်း ၃၀ ကျော် စစ်သုံ့ပန်း ၆၅ ဦး၊ အလင်းဝင်သူ ၆ ဦး နှင့် လက်နက် ၅၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မကွေးတိုင်း ပကဖ က ထုတ်ပြန်ထားသည်။
ပခုက္ကူခရိုင် ပကဖ သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ခ) အမေစု၏ လူထုအပေါ် ဦးဆောင်နိုင်မှုနှင့် မတရားဖမ်းဆီး အကျဥ်းချခံရခြင်းမှ လွတ်မြောက်မှုတို့ကို ရည်မှန်း၍ ပခုက္ကူခရိုင်တွင်း မြို့နယ် (၅) ခုရှိ ပကဖများနှင့် ပူးပေါင်း၍ ခရိုင် ပကဖ စစ်ဆင်ရေးအနေဖြင့် အညာမြေ စစ်ဆင်ရေးအား ဖော်ဆောင်ခဲ့ဖြစ်ကြောင်း၊ ထို စစ်ဆင်ရေးသည် အညာမြေ စစ်ဆင်ရေးမှ ပထမအဆင့် Operation ငယ် တစ်ခုအနေဖြင့် Operation 9 (4+5) ကို စတင် ဖော်ဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Operation 9 သည် ပခုက္ကူခရိုင်တွင်း ခရိုင် ပကဖ၊ မြို့နယ် ပကဖများ ပူးပေါင်း၍ ပြည်သူ့စစ်မဟာဗျူဟာအရ အချက်အချာမြေနှင့် မဟာဗျူဟာ လမ်းပိုင်း ထိန်းချုပ်ရေးတွင် အဓိက အရေးပါသည့် ပုသိမ် – မုံရွာလမ်းပိုင်းနှင့် ပခုက္ကူ – ပေါက် – မင်းတပ် လမ်းတို့ စိုးမိုးနိုင်ရေးတွင် လိုအပ်သည့် ရေပြာလမ်းဆုံ (4) အား ရည်မှန်း၍လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပေါက်မြို့နယ် ကပစ – ၂၄ နှင့် ၄ မိုင်ခန့်အကွာ၊ ပေါက်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ စပါးမြောကျေးရွာတွင် လက်လုပ်သေနတ်ငယ်များဖြင့် ရန်သူ့စစ်ကြောင်းအား ကင်းယူပေးနေရင်း ရန်သူ့စစ်ကြောင်း၏ ပိတ်ဆို့ တိုက်ခိုက်ကာ သတ်ဖြတ်ခံရသည့် ပကဖ ရဲဘော် (၅) ဦး (5) တို့အား ရည်မှန်း၍လည်းကောင်း “Operation 9” အမည်ဖြင့် တိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုကို ခရိုင် ပကဖ၊ မြို့နယ် ပကဖများ၊ K G၊ Magway PDF နှင့် ပခုက္ကူခရိုင် အမှတ် (၁၂)၊ (၁၈) တပ်ရင်းတို့ စုပေါင်း၍ ရည်မှန်းချက်များ အသီးသီးသတ်မှတ်ခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖ ရုံးချုပ်နှင့် ပြည်ထောင်စု၏ ထောက်ပံ့ညွှန်ကြားမှုများ၊ မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီး၏ လမ်းညွှန်ကူညီမှုများဖြင့် အခြား မဟာမိတ်တပ်များ စုပေါင်း၍ ရည်မှန်းချက်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ ၂ ရက်နေ့ ညနေပိုင်းတွင် ရေပြာရဲစခန်းကို လည်းကောင်း၊ ဇွန်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကုက္ကိုစု ပျူစောထီးကျေးရွာကို လည်းကောင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုများတွင် ရန်သူ့ဘက်မှ တံတားဦးလေတပ်၊ မကွေးလေတပ်၊ မိတ္ထီလာလေတပ်တို့မှ Jet Fighter (၉) စီး၊ Y – 12 / L 410 UVP E 20 Military Transport Aircraft ၅ စီးဖြင့် ဗုံးသီး အလုံးရေ ၂၇၀ လုံး လေကြောင်းပစ်ကူပေး တိုက်ခိုက်ခုခံခဲ့ပြီး ကပစ – ၂၄ မှ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် (၆) ကြိမ် ပစ်ကူပေး ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ကုက္ကိုစု ပျူစောထီးကျေးရွာ တိုက်ခိုက်သိမ်းပိုက်ရာ၌ ရန်သူ့ သတ်ကွင်းဖြစ်သည့် လယ်ကွင်းပြင် ဟင်းလင်းများကို ပကဖ ရဲဘော်များနှင့် ပူးပေါင်းတပ်များမှ ရဲဘော်များက ရဲရဲဝံ့ဝံ့ ဖြတ်ကျော် တိုက်ခိုက်နိုင်ခဲ့၍ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်ခဲ့သည့် ရဲဘော်များ၊ ထိခိုက် ကျဆုံးခဲ့သည့် ရဲဘော်များကို ဦးညွှတ်အလေးပြု၍ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။
တိုက်ခိုက်မှု ဖြစ်စဥ်များအတွင်း စစ်သား၊ ရဲနှင့် ပျူစောထီး အလောင်း ၃၀ ကျော် စစ်သုံ့ပန်း ရဲနှင့် ပျူ ၆၅ ဦး၊ လက်နက်ချ အလင်းဝင်သူ ၆ ဦး၊ ကျေးရွာနေ ပြည်သူ ၂၄၆ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ငယ် ၅၅ လက်၊ လက်နက်ကြီး ၄ လက်၊ ကျည်မျိုးစုံ ၃၄၆၅ တောင့် တို့နှင့် စစ်အသုံးအဆောင် ပစ္စည်းများအား သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် စစ်သုံ့ပန်းများနှင့် ပျူစောထီးရွာမှ ပြည်သူများကို ပေါက်မြို့နယ် ပကဖနှင့် ပအဖ၊ ပလဖတို့ သည် အမျိုးသား ညီညွတ်ရေးအစိုးရ၏ မူဝါဒ လမ်းညွှန်ချက်များနှင့်သော်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးများနှင့် အညီ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရှိရသည်။
ပခုက္ကူခရိုင် ပကဖနှင့် ပခုက္ကူ/ ပေါက်/ ရေစကြို/ မြိုင်/ ဆိပ်ဖြူမြို့နယ် ပကဖ တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့စစ်မဟာဗျူဟာအား စစ်ရေး ရည်မှန်းချက်၊ နိုင်ငံရေး ရည်မှန်းချက်များနှင့် အညီ ဖော်ဆောင်တိုက်ခိုက်လျက် ရှိပါသည်။ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် ပကဖ၊ ပေါက်မြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ ဒရုန်းလက်ရုံးတပ်၊ ပေါက်မြို့နယ် ပကဖ ဒရုန်း လက်ရုံးတပ်၊ K G၊ MGY – PDF၊ YRF ၊ ပခုက္ကူခရိုင် အမှတ် (၁၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၁၈) တပ်ရင်း၊ အမှတ် (၄) မကွေးတိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း MGY – 30 SOU 4 တို့နှင့် ပူးပေါင်းဆောင်ရွက်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ ဆက်လက်၍လည်း ပြည်သူလူထုကို ဦးထိပ်ထား၍ စစ်ရေးရည်မှန်းချက်၊ နိုင်ငံရေး ရည်မှန်းချက်များနှင့်အညီ ဘုံရန်သူဖြစ်သည့် အကြမ်းဖက်စစ်တပ်ကိုသာ တိုက်ခိုက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပခုက္ကူခရိုင် ပကဖနှင့် မြို့နယ် (၅) ခုရှိ ပကဖတို့သည် ၂၀၂၆ ခုနှစ် မေလ (၂၂) ရက်နေ့ကလည်း မကွေးဖက်ဒရယ်ယူနစ်၊ ကာကွယ်ရေးဝန်ကြီး၏ လမ်းညွှန်မှုဖြင့် MGY PDF မှ ဦးဆောင် တိုက်ခိုက်ခဲ့သည့် တမာမြေစစ်ဆင်ရေးတွင်လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး မေလ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကို သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။
“ဇွန်လက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးလဖြစ်ပါတယ်။ လူထုခေါင်းဆောင်ရဲ့မွေးနေ့ ဇွန်လမှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုအတွက် လက်ဆောင်အဖြစ်ပေးအပ်တဲ့သဘော Operation Su အဖြစ် အညာမြေစစ်ဆင်ရေး ကို ဖော်ဆောင်ကြတာပါ” ဟု Magway People’s Defence Force – Magway PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။






