26.2 C
Yangon

ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် ရနောင်းတွင် တရားမဝင် ဈေးရောင်းနေသော မြန်မာနိုင်ငံသား ၁၀ ဦးနှင့် တရားမဝင် ခိုးဝင်လာသော မြန်မာ ၅ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၁၀

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မဲဆောက်စျေးကြီးအတွင်း ထိုင်းအာဏာပိုင်များက နိုင်ငံခြားသားများ တားမြစ်လုပ်ငန်းများလုပ်ကိုင်နေခြင်းရှိ၊ မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများအရ သိရသည်။

ဇွန်လ ၁၀ ရက်နေ့တွင် မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် မဲဆောက်မြို့နယ် စီမံအုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့၊ မဲဆောက်မြို့တော်စည်ပင်သာယာရေးအဖွဲ့၊ မဲဆောက်အလုပ်အကိုင်ရှာဖွေရေးရုံး အရာရှိများနှင့် ပူးပေါင်းကာ မဲဆောက်ဈေးအတွင်းသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ စျေးအတွင်းရှိ ဆိုင်ခန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသော စျေးရောင်းချခြင်း အပါအဝင် တားမြစ်လုပ်ငန်းများကို လုပ်ကိုင်နေခြင်း ရှိ၊ မရှိကို ကွင်းဆင်းနှိမ်နင်းခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဝင်ရောက် စစ်ဆေးမှုအတွင်း ထိုင်းအာဏာပိုင်များ ဝင်ရောက်လာ၍ မြန်မာစျေးသည်တချို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြသော်လည်း၊ ထိုင်းအာဏာပိုင်များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးခံခဲ့ရကြောင်း၊ လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၀ ဦးလုံးကို ထိုင်းအာဏာပိုင်များက ဥပဒေအရ အရေးယူနိုင်ရန်အတွက် မဲဆောက်မြို့မရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိထံသို့ လွှဲပြောင်းအပ်နှံထားကြောင်း၊ ထို့ပြင် မဲဆောက်မြို့နယ် စီမံအုပ်ချုပ်ရေးဌာနအနေဖြင့် မဲဆောက်မြို့အတွင်း နိုင်ငံခြားသားများ တားမြစ်လုပ်ငန်းများလုပ်ကိုင်နေခြင်းရှိ၊ မရှိကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများကို အရှိန်မြှင့်တင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက သတိပေး ထုတ်ပြန်ထားသည်။

အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင် (Ranong) အတွင်းသို့ ရေလမ်းကြောင်းမှတစ်ဆင့် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းအာဏာပိုင်များက နှစ်ရက်ဆက်တိုက် ဖမ်းဆီးခဲ့ကြောင်း ရနောင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရနောင်းခရိုင်ရဲတပ်ဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း တရားမဝင် ခိုးဝင်မှုများ တားဆီးနှိမ်နင်းရန် တရားမဝင် နိုင်ငံခြားသားများ နေထိုင်၊ အလုပ်လုပ်ကိုင်နေသည့် နေရာများကို ဆက်တိုက် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်ပြီး အထောက်ထားမရှိသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၄ ဦးကို တွေ့ရှိရ၍ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ထိုင်းရဲတပ်ဖွဲ့က ဒုတိယနေ့ စစ်ဆင်ရေးအဖြစ် ထပ်မံခြေရာခံ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားမဝင် ထပ်မံခိုးဝင်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ဖမ်းဆီးခံရသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းနိုင်ငံဥပဒေအရ “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှု” ဖြင့် အရေးယူနိုင်ရန်နှင့် နယ်ရပ်ပြန်လည်နှင်ထုတ်နိုင်ရန် သက်ဆိုင်ရာ မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံကာ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article