26.2 C
Yangon

မြောင်မြို့နယ်ရှိ ပေါက်တောရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၇ ထိခိုက်ဒဏ်ရာရ၊ ချောင်းဦးရှိ ဆင်မြေရွာကိုလည်း စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ပေါက်တောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDSOM မှ ကိုနွေဦး (မြောင်) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ပေါက်တောရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသေးစိတ် အခြေအနေကို ထပ်မံ စုံစမ်းနေကြောင်း သိရသည်။

“မနက်က ၁၁ နာရီကျော်လောက်က ဗုံးကျဲ သွားတာ ပြည်သူ ၇ ဦးထိတယ်လို့တော့ သိရတယ်။ အသေးစိတ်အခြေအနေကိုတော့ ကျနော်လည်း မသိရသေးဘူး” ဟု CDSOM မှ ကိုနွေဦး (မြောင်) က ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်နေသော အကြမ်းဖက် စစ်တပ်က ဆင်မြေကျေးရွာကို ဝင်ရောက်စီးနင်းပြီး ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့မှ စတင်ကာ ချောင်းဦးမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းကို အင်အား ၂၀၀ ကျော်ခန့်ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချောင်းဦး-ရေစကြို-ပခုက္ကူ လမ်းပိုင်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ဇွန်လ ၉ ရက်နေ့တွင် ဆင်မြေကျေးရွာအတွင်းကို ဝင်ရောက်လာစဉ် ရွာထဲရှိ တန်းဖိုးကြီးပစ္စည်းများကို မွှေနှောက်ခိုးယူပြီးနောက် ၂ ရက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရသည်။

“စစ်ခွေးတွေက ဆင်မြေရွာကို ဒီနေ့ရော မနေ့ကရော ၂ ရက်ဆက်တိုက် မီးရှို့နေတာပါ။ မနေ့က စစ်ခွေးတွေ မီးရှို့တာ ရွာထဲက နေအိမ် ၁၀ လုံးကျော်လောက် မီးထဲပါသွားတယ်။ ဒီနေ့ ထပ်ရှို့တာတော့ နေအိမ် ဘယ်လောက် ထပ်ပါသွားလဲဆိုတာကတော့ အခုထိ အတည်မပြုနိုင်သေးပါဘူး။ စစ်ကြောင်းက ရှိနေတုန်းပဲ။ မုံရွာ နမခ ခွေးခြံကနေလည်း အသေခံဒရုန်တွေနဲ့ရော ချောင်းဦးမြို့ထဲက စစ်ခွေးတွေကလည်း ခွေးစစ်ကြောင်းထိုးမဲ့နေရာတွေကို လေကြောင်းတိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ပေးနေတာရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ဆင်မြေကျေးရွာကို ယာယီတပ်စွဲထားပြီး ကား ၁၂ စီးခန့်ဖြင့် ဆင်‌မြေကျေးရွာ နှင့် ငါးလုံးတင်ကျေးရွာမှာ ပြည်သူပိုင်ပစ္စည်များကို ခိုးယူသယ်ဆောင်ကာ ချောင်းဦးမြို့ထဲကို ပြန်လည်ပို့ဆောင်နေကြောင်း၊ ထို စစ်တပ် စစ်ကြောင်းကြောင့် မထိသာရွာ၊ မင်းခေါင်ရွာ၊ ငါးလုံးတင်ရွာ၊ ထူးနီရွာ၊ မှန်ချိုရွာ၊ ရွာတော်လေးရွာ၊ ကျောက်ဆစ်ကန်ရွာ၊ မင်းတည်ရွာ၊ မကျီးခွရွာ၊ ကံမရွာ၊ ငါးယှန်ရွာနှင့် ဆင်မြေရွာ စသည့် ကျေးရွာပေါင်း ၁၂ ရွာမှ သောင်းနှင့်ချီသော ပြည်သူများက မိုးတွင်းကာလအတွင်း အရေးပေါ် တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာများ အရေးပေါ်အကူညီ လိုအပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဇွန်လ ၄ ရက်နေ့ ညပိုင်းက မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article