ရန်ကုန်၊ ဇွန် ၁၄
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် မင်းတပ်မြို့အနီးကို နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အလားတူ ယနေ့ နံနက် ၇ နာရီကျော်ခန့်မှ စတင်ပြီး မင်းတပ်မြို့နယ် အရှေ့ခြမ်းကို နေပြည်တော်အေလာလေတပ်နှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးက လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုများ အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ယမန်နေ့ ညနေ ၆ နာရီခန့်ကလည်းမင်းတပ်မြို့နယ် တိုက်နယ် ၁၄ အတွင်းရှိ ကျေးရွာ ၁ ခုကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၆ လုံးပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
မင်းတပ်မြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၂ ရက်၊ ၁၀ ရက်၊ ဇွန်လ ၈ ရက်၊ ဇွန်လ ၇ ရက်နှင့် ဇွန်လ ၆ ရက်နေ့တို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ယမန်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် နေပြည်တော်လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“မနေ့က ညပိုင်းက လေကြောင်းတိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ အသေးစိတ် အခြေအနေကိုလည်းတော့ ကျနော် ဆက်လက်စုံစမ်းနေတုန်းပဲ” ဟု ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုးက ပြောဆိုသည်။
ဓာတ်ပုံ – ယမန်နေ့ ညနေပိုင်းက မင်းတပ်မြို့နယ် တိုက်နယ် ၁၄ အတွင်းရှိ ကျေးရွာ ၁ ခုကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော နေအိမ်များ
Photo – Ĥkl Mindat







