ရန်ကုန်၊ ဇွန် ၁၄
ရန်ကုန်မြို့တွင် နေထိုင်ပြီး အမျိုးသားတစ်ဦးကဲ့သို့ ပြုမူနေထိုင်သူ မစောယဉ်ထွေးသည် လမ်းခရီး၌ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်ရှိ အမှတ် ၈ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မန်ကတ်) တွင် စစ်မှုထမ်းသင်တန်း အဓမ္မတက်ရောက်ခိုင်းနေသဖြင့် မိခင်ဒေါ်လှရင်က နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံသို့ ဇွန်လ ၁၂ ရက်နေ့တွင်တိုင်ကြားလိုက်သည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၈ ရပ်ကွက်၊ ကံကော် ၂ လမ်းတွင် နေထိုင်သည့် မစောယဉ်ထွေးသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၈ ရပ်ကွက်ရှိ ADORABLE LED မှန်အလှဆင်လုပ်ငန်းသို့ သွားရောက်စဉ် လမ်း၌ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်မှစ၍ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုက ဆက်သွယ်စုံစမ်းခဲ့ရာ စစ်မှုထမ်းအပတ်စဉ် ၂၄ ကို ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စုရှိ အမှတ် ၈ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်းသင်တန်း တက်ရောက်နေရကြောင်း သိရှိရသည်။
“သူက ယောင်္ကျားလျာပေါ့။ အမျိုးသားလို နေထိုင်တာ။ အမျိုးသားစိတ်ပေါက်နေတာ။ ပေါ်တာဆွဲတုန်းက ၂ ဦးအဆွဲခံရတာ။ တစ်ဦးက ငွေပေးပြီး လွတ်လာတယ်။ မစောယဉ်ထွေးက မန်ကတ်မှာရှိတဲ့ စစ်သင်တန်းကျောင်းကို ရောက်သွားတာ” ဟု မိတ်ဆွေဖြစ်သူက ပြောဆိုသည်။
မစောယဉ်ထွေးသည် အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းမွန်သည့် မိဘနှစ်ပါးကို အနီး ကပ်ပြုစုလုပ်ကျွေးနေသည့် တစ်ဦးတည်းသောသူ ဖြစ်ကြောင်း မိခင် ဒေါ်လှရင်က တိုင်ကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။
ပေါ်တာဆွဲဖမ်းဆီးကာ စစ်သင်တန်းတက်ရောက်နေရသည့် မစောယဉ်ထွေးကို လတ်တလော စစ်မှု ထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ပြုပေးပါရန် မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် ရပ်ကွက်ထောက်ခံစာ မိတ္တူများနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန (ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့) ဥက္ကဋ္ဌထံသို့ မိခင်ဒေါ်လှရင်က တိုင်ကြားထားသည်။






